ယင်းမာပင်မှာ CDM လုပ်သွားတဲ့ ရဲတပ်ကြပ်ရဲ့မိဘနှစ်ပါး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မရဲစခန်းက ရဲတပ်ကြပ် ဝင်းမင်းသန့် က ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့မှာ အာဏာဖီဆန်ရေး CDM လုပ်ဆောင်သွားတဲ့အတွက် ရွာသာယာကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် သူ့ရဲ့ မိဘနှစ်ဦးကို စစ်ကောင်စီက နေအိမ်ကို လာရောက်ဖမ်းဆီးသွားတယ်လို့ ရွာသာယာကျေးရွာက ဒေသခံတွေက ပြောပါတယ်။
စစ်သားနဲ့ ရဲ ၁၅ ဦးလောက်က နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်သလို နေအိမ်ထဲမှာရှိတဲ့ ပစ္စည်းအချို့ကိုပါ ဖျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသာယာကျေးရွာက ဒေသခံ တစ်ယောက်က ပြောပါတယ်။
"ကိုဝင်းမင်းသန့် က ဒီကနေ့ပဲ CDM လုပ်ပြီး ပြေးသွားတော့ နေ့လယ်က စစ်သားနဲ့ ရဲတွေ ၁၅ ယောက် လောက် ရွာကို ရောက်လာတာ။ ဘယ်သူမှ မသိဘူး၊ သူ့မိန်းမနဲ့ သမီး နှစ်ယောက်လည်း ယင်းမာပင်စခန်း ထဲမှာ ရှိတာကို ရွာသာယာရွာက အသက်ကြီးနေတဲ့ မိဘတွေကို လာဖမ်းသွားတာ။ သူဒီလိုလုပ်သွားတာ ဘယ်သူမှ မသိဘူး။ ကျန်းမာရေးလည်း မကောင်းကြတော့ လူကြီးတွေအတွက်တော့ စိတ်ပူတယ်။ စစ်မေးပြီး ပြန်လွှတ်ဖို့ ရွာကသူတွေက မျှော်လင့်နေကြပါတယ်"
တပ်ကြပ်ကြီး ဝင်းမင်းသန့် နဲ့အတူ လက်နက်တွေလည်း ပါသွားတဲ့အတွက် စစ်ကောင်စီအဖွဲ့က အပူတပြင်း လိုက်ရှာနေကြတယ်လို့ ယင်းမာပင်မြို့က ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်ခရိုင်အတွင်းက ကနီမြို့နယ်၊ ပုလဲမြို့နယ်တွေဟာ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီကို ပြန်လည် ခုခံတိုက်ခိုက်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။