စစ်တွေမှာ ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံရ

2022.10.14
စစ်တွေမှာ ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ စက်ရုံစုရပ်ကွက် (၂) မှာ အောက်တိုဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

အဲဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ကျော် အပါအဝင် ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်နိုင်၊ ဦးမောင်သန်းဌေး၊ ဦးထွန်းဝင်းနိုင်နဲ့ နောက်ထပ် ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ဒေသခံ နှစ်ဦးတို့ ဖမ်းဆီးခံရတာပါ။

စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၃၀ ကျော်လောက်က ဝင်ရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။

"သူတို့က ရပ်ကွက်ထဲကို ၁၁ နာရီလောက်ဖမ်းသွားတာ၊ ကျမလည်း အိမ်နည်းနည်း ဝေးတော့ မသိလိုက်ဘူး။ မနက်မိုးလင်းမှ အိမ်နီးချင်းတွေပြောမှ သိရတယ်။ ရဲတွေ၊ စစ်သားတွေ အများကြီးဝင်ဖမ်းသွားတာတဲ့။ ရိုက်နှက်ပြီး ကားပေါ်တင်သွားကြတယ် ပြောတယ်။ အခုအထိ အဆက်အသွယ်မရဘူး။ ဘာကြောင့်ဖမ်းတာလဲမသိရဘူး။ အားလုံးစိုးရိမ်နေကြတယ်"

ဖမ်းဆီးခံရသူတွေဟာ လက်လုပ်လက်စား အခြေခံလူတန်းစား သာမာန်ပြည်သူတွေဖြစ်ပြီး အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၁၉၊ ၂၀၂၀ခုနှစ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေ ကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် စတဲ့ မြို့နယ်တွေက စစ်ဘေးဒုက္ခသည် တွေနဲ့ ပေါက်တောမြို့နယ်တွေက ဒေသခံတွေလည်း စက်ရုံစုရပ်ကွက် (၂) မှာ လာရောက် နေထိုင်ကြသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းကဆင့် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂ဝ၂၂ ခုနှစ်၊ ဇွန်လကနေ အောက်တိုဘာလ ပထမအပတ်အထိ လေးလအတွင်းမှာ ဖမ်းဆီးခံခဲ့ရသူ ၁၇ဝ ခန့်ရှိပြီး အခုအချိန်ထိ စစ်ကောင်စီတပ်က ထိန်းသိမ်းထားသူ ၉ဝ ကျော်ရှိနေသေးတယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။