တာချီလိတ် အွန်လိုင်းလောင်းကစားရုံတစ်ခုက လူ တစ်ရာကျော် စီးနင်းဖမ်းဆီးခံရ
2024.02.23

ထိုင်း - မြန်မာ နယ်စပ်၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက် 1G1 ဟိုတယ် အနောက်ဘက်မှာရှိတဲ့ အွန်လိုင်းလောင်းကစားရုံတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် တစ်နာရီလောက်က ဝင်ရောက်စီးနင်းပြီး လူ တစ်ရာကျော်ကို ဖမ်းဆီးသွားတယ်လို့ တာချီလိတ်မြို့ခံတွေက RFA ကိုပြောပါတယ်။
အခုဝင်ရောက်စီးနင်းခံရတဲ့ လောင်းကစားရုံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဝင်ဖမ်းတာဟုတ်တယ်။ 1G1 အနောက်မှာရှိတာ အဲဒီရုံက။ ဖွင့်ထားတာ ဆယ်စုနှစ် တစ်ခုလောက်ရှိတော့မယ်။ အဲနေရာက ကာစီနို လောင်းကစားရုံ အဖြစ် စဖွင့်ထားတာပေါ့။ အဲဒါ မနက်ကတော့ ဝင်ဖမ်းသွားတယ်”
သူတို့ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အလုပ်ရုံမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသားအချို့ ပါဝင်သလို ထိုင်းနဲ့ တရုတ်နိုင်ငံသားတွေလည်း ပါဝင်တာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ကို စစ်ကောင်စီရဲ့ ရဲအချုပ်ကား နှစ်စီးနဲ့ တင်ပြီး ခေါ်ဆောင်သွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ဘယ်နှဦး၊ တရုတ်နိုင်ငံသား ဘယ်နှဦးနဲ့ ထိုင်းနိုင်ငံသား ဘယ်နှဦး ပါဝင်တယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ရပ်ကွက်ပေါင်း ၁၁ ခုရှိပြီး ရပ်ကွက်အချို့နဲ့ ကျေးရွာအုပ်စုကြီးတဲ့နေရာတွေမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းပေါင်း ရာနဲ့ချီရှိပြီး နေအိမ်တွေနဲ့ ဟိုတယ်တွေမှာ လုပ်ကြတာလို့ နောက်ထပ် အမည်မဖော်လိုတဲ့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
"အိမ်တွေကို အပြတ်ငှားတယ်။ ပြီးရင် ဟိုတယ်တွေဆိုရင်လည်း အထပ်လိုက်ကို အပြတ်ငှားပြီး လုပ်ကြတာပေါ့။ တရုတ်၊ ထိုင်းနိုင်ငံသားတွေလည်း ပါတယ်"
တာချီလိတ်မြို့မှာ အွန်လိုင်းငွေလိမ် လုပ်ငန်းအများစုကို လောင်းကစားရုံတွေအဖြစ် အမည်ခံထားပြီး မြို့ခံအချို့နဲ့ ထိုင်း၊ တရုတ် နိုင်ငံသားတွေက ဦးဆောင် လုပ်ကိုင်နေကြတာလို့လည်း ဒေသခံကပြောပါတယ်။
အခုလို ဖမ်းဆီးတာဟာလည်း ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မနက်က ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်က ဖမ်းဆီးခံရတဲ့သူတွေဟာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပြီး သူတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီးနင်းဖမ်းဆီးခဲ့တာလို့ ဖော်ပြကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ နယ်စပ်ဒေသတွေကနေ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အများစု အပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော် (၅၀,၆၉၁ ဦး) ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လည် လွှဲပြောင်း ပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေ ကနေတစ်ဆင့် ပြောကြားထားပါတယ်။
အဲဒီလိုလွှဲပြောင်းခဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှား နိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဆယ်နဲ့ လာအိုနိုင်ငံသား ၁၈ ဦး အပါအဝင် စုစုပေါင်း ၅၀,၆၉၁ ဦးကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။