စစ်တွေဒေသခံ ခြောက်ဦးထက်မနည်း ဖမ်းဆီးခံရ
2023.11.14
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ပြည်သူခြောက်ဦးထက် မနည်းကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အများစုဟာ ကျေးတောပိုက်ဆိပ်နဲ့ ဆတ်ရိုးကျ ကယ်ဆယ်ရေးရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ အဖမ်းခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ဆတ်ရိုးကျကယ်ဆယ်ရေး ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ (စစ်ကောင်စီ) သွားတဲ့ လမ်းကြောင်းမှာ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် သောက်နေတာက လေး၊ ငါးခြောက်ယောက် ဖမ်းသွားတယ်လို့တော့ ပြောတယ်။ ဘယ်နှဦး ဖမ်းသွားတယ်ဆိုတာ အတိအကျတော့မသိ။ ခြောက်ယောက်လို့လည်း ပြောတယ်။ ရှစ်ယောက်လို့လည်း ပြောတယ်။ သူတို့ (အဖမ်းခံရသူတွေ) က ဒေသခံတွေပါ"
ကျေးတောရွာမ ရွာသားတစ်ဦးကလည်း စစ်တွေမှာ ဒေသခံတွေ ဖမ်းဆီးခံရတာမှန်ပေမယ့် ဘယ်နှဦးဆိုတာနဲ့ ဘယ်သူတွေဆိုတာတော့ အတိအကျမသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
"ကျေးတောပိုက်ဆိပ်က တစ်ယောက်ပါသွားတယ်လို့တော့ သတင်းရတယ်။ ကျေးတောပိုက်ဆိပ်က တစ်ယောက်တည်းပါ။ ဘယ်အချိန်က ပါသွားတယ်ဆိုတာ အတိအကျ မသိဘူးလေ။ ညပိုင်း ငါးနာရီလောက်မှ သတင်းရတာ"
ဒါ့အပြင် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာအနီးမှာရှိတဲ့ သုံးဆောင်စုရွာမှာလည်း ဒေသခံတစ်ဦး အဖမ်းခံလိုက်ရတယ်လို့ ဗျိုင်းဖြူရွာခံတွေက ပြောပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြန်စဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ စစ်ကောင်စီတပ်က စစ်တွေမြို့ပေါ်လမ်းတွေမှာ သံချပ်ကာကား အပါအဝင် စစ်ကားတွေနဲ့ လှည့်ပတ်သွားလာခဲ့သလို ဒေသခံတွေကိုလည်း ဖမ်းဆီးခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။