ထိန်းသိမ်းခံထားရတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ပြန်လွတ်မည်

စစ်တပ်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တိုင်းနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ တပ်မတော် ထိပ်တန်းအရာရှိ သတင်းရင်းမြစ်တစ်ဦးက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဒီနေ့ပြန်လွှတ်ပေးမှာဖြစ်ပြီး သူတို့ နေအိမ်တွေမှာသာ နေထိုင်ရမယ်လို့ သူက ဆိုပါတယ်။
NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တိုင်းနဲ့ ပြည်နယ် အသီးအသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို မနေ့မနက်ပိုင်းကစပြီး တပ်မတော်က ထိန်းသိမ်း ခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှစ်ဦး အပါအဝင် ပြည်ထောင်စု ဒုတိယဝန်ကြီးတွေကို တာဝန်ကရပ်စဲကြောင်းလည်း ကြေညာခဲ့ပြီး အရပ်သားတချို့နဲ့ စစ်ဗိုလ်ချုပ်တချို့ ပါဝင်တဲ့ အာဏာသိမ်းအစိုးရသစ်တစ်ရပ်ကို မနေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ၁၁ ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့က ခန့်အပ်လိုက်တာပါ။
ပြည်ထောင်စုဝန်ကြီးတွေကို ထပ်ခန့်အပ်ဖို့ရှိနေပြီး တပ်မတော်သားတွေထက် အများစုက အရပ်သား ပညာရှင်တွေကို ခန့်အပ်ဖို့ရှိတယ်လို့ တပ်မတော်ရဲ့ ထိပ်တန်းအရာရှိ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
NLD အစိုးရအဖွဲ့ ဝန်ကြီးဌာနက ဝန်ကြီးတချို့ကိုလည်း ထိန်းသိမ်းထားတာတွေရှိနေပြီး သူတို့ကို ဘယ်အချိန် ပြန်လွှတ်ပေးမယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ ထိန်းသိမ်းခံခဲ့ရပြီးနောက် မနေ့က ညနေလောက် မှာတော့ ဝန်ကြီးတချို့ ပြန်လည်လွတ်မြောက်လာပါတယ်။