မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည် ၁၀ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.02.06
မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည် ၁၀ ဦး ဖမ်းဆီးခံရ မြန်မာနိုင်ငံနှင့် မဏိပူရ်နယ်နိမိတ် မှတ်တိုင်တစ်ခုအား တွေ့ရစဉ်။
www.time8.in

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့၊ ဗာလ်ဗန်းရပ်ကွက်မှာ အပ်ချုပ်နဲ့ ယက္ကန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ India for Myanmar အဖွဲ့က RFA ကို ပြောပါတယ်။

"နယူးလန်ကားမြို့ ဗာလ်ဗန်းရပ်ကွက်မှာ ယက္ကန်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အပ်ချုပ်တဲ့သူတွေကို သူတို့နေတဲ့နေရာ ရှောင်တခင်ဝင်စစ်ဖမ်းထားတာ"

အဖမ်းခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ ထွက်ပြေးလာသူကိုးဦးနဲ့ ကလေးမြို့ကနေ ထွက်ပြေးလာသူတစ်ဦးဖြစ်ပြီး စုစုပေါင်း အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး လေးဦးပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ရင်း အပ်ချုပ်နဲ့ ယက္ကန်းအလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူတွေဖြစ်ပါတယ်။

ဘယ်သူမဆို အထာက်ထားမဲ့ တရားမဝင်နိုင်ငံခြားသားတွေကို လက်ခံထားရင် အရေးယူမယ်လို့ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

မဏိပူရ်ပြည်နယ်တစ်ခုလုံးမှာ လက်ရှိ မြန်မာစစ်ဘေးဒုက္ခသည် ၈၀၀၀ ခန့်ရှိပြီး မဏိပူရ်ပြည်နယ်ထောင်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၇၀ ဝန်းကျင်ရှိတယ်လို့ India for Myanmar အဖွဲ့က ပြောပါတယ်

အဖမ်းခံရသူတွေဟာ အထောက်အထားမရှိလို့ နိုင်ငံခြားသားဥပဒေ (Foreigner Act ) နဲ့ အဖမ်းခံရတာဖြစ်ပြီး မ‌ဏိပူရ်ပြည်နယ်မှာတင် အဖမ်းခံရတာ (၆) ကြိမ်ရှိပြီလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က မိုးရေးမြို့နယ် လန်းချန်းရွာနဲ့ နီးယူဆလ်ဘုန်းရွာမှာရှိတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အယောက် ၈၀ ကျော်ဖမ်းဆီးခံခဲ့ရသလို ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း နယူးလန်ကားမြို့မှာ လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။