ထိုင်းနဲ့ မလေးရှားကို လှေနဲ့ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၂၆ ဦး ဖမ်းဆီးခံရ
2023.11.03

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အခုသီတင်းပတ်တွေအတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၂၆ ဦးကို မြန်မာရေတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က ရိုဟင်ဂျာ ၁၆၇ ဦးလိုက်ပါလာတဲ့ စက်လှေနှစ်စီးကို ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးမှာ မြန်မာရေတပ်က ဖမ်းဆီးလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"ဘယ်လို ဖမ်းမိလဲဆိုတော့ သူတို့က ထိုင်းကိုသွားဖို့ထွက်လာတာ။ သူတို့တွေကို ပင်လယ်ပြင်မှာဖမ်းမိတာ။ ကျား ၈၀၊ မ ၈၇ ဦး လိုက်ပါလာတယ်"
အဲဒီစက်လှေမှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား လှေလုပ်သား ဆယ်ဦးကိုလည်း ဖမ်းဆီးထားပြီး အားလုံးကို ဥပဒေနဲ့အညီအရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။ အဲဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာသူတွေဖြစ်တယ် လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဟိုင်းကြီးမြို့၊ မြတ်မော်တင်ဘုရားရဲ့ အနောက်မြောက်ဘက် ပင်လယ်ပြင်အတွင်းမှာ စစ်ကောင်စီ ရေတပ်ရဲ့ စစ်ရေယာဥ်အမှတ် - ၅၅၃ က ကင်းလှည့်လည်နေချိန် သုတကျော်စက်လှေနဲ့ ဇေယျာအောင်ဆိုတဲ့ စက်လှေနှစ်စီးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာမှာ ဖမ်းဆီးရမိခဲ့တာလို့ နိုဝင်ဘာလ ၂ ရက်နေ့က ရေးသားဖော်ပြကြပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေရဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ဟိုင်းကြီးကျွန်းမြို့က စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူ ဒေသခံတစ်ဦးကတော့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ဟိုင်းကြီးကျွန်း ရဲစခန်းကနေတစ်ဆင့် အခြားနေရာ တစ်ခုကို ဆက်လက်ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အလားတူ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေ ကနေ မလေးရှားနိုင်ငံသွားဖို့အတွက် ရခိုင်ပြည်နယ်ထဲဝင်လာတဲ့ ရိုဟင်ဂျာအမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၁ ဦး ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၇ ကလည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီးက ပင်လယ်ပြင်မှာ မလေးရှား နိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၃၈ ဦး စက်လှေနဲ့အတူ စက်လှေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို ဥပဒေနဲ့အညီ အရေးယူဖို့အတွက် စစ်တွေ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာ တစ်ခုဖြစ်တဲ့ ရခိုင်နေ့စဉ် တယ်လီဂရမ်စာမျက်နှာမှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။ အဲဒီဖြစ်စဉ်နှစ်ခုမှာ စက်လှေပိုင်ရှင်၊ လှေလုပ်သားနဲ့ ပွဲစား ခြောက်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အသက်ရှင်ရပ်တည်မှုက ပိုမိုခက်ခဲတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို အခုလို လှေနဲ့ထွက်ခွာတာတွေ ပုံမှန်ရှိနေတယ်လို့ စစ်တွေမြို့ က ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ပြောပါတယ်။
"ဒီသွားနေတဲ့ ကိစ္စကတော့ သမားရိုးကျဖြစ်နေတယ်။ ဒီမှာ တားဆီးမယ့်လမ်းကြောင်း လည်း မရှိဘူး။ လူတွေကတော့ အစုလိုက်အပြုံလိုက် သွားနေကြတာပဲ။ ဒါက သေတာလည်း သိတယ်။ တချို့တဝက်ကတော့ ရောက်သွားတယ်။ ဒါပေမဲ့ တားနိုင်တဲ့အနေအထား လုံးဝမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမှာ နေထိုင်ရ ခက်တယ်။ အလုပ်အကိုင်မရှိဘူး။ ရှားပါးတယ်။ လွတ်လပ်မှုမရှိဘူး။ အဲဒါနဲ့ လူတွေက သိပ်နားကျည်းမှုတွေ တစ်ရက်ထက်တစ်ရက် ပိုများလာပြီးတော့မှ အဲလို သွားနေကြတာပဲ"
သူတို့ဟာ ပွဲစားတွေကနေတစ်ဆင့် လူတစ်ဦးကို ငွေကျပ် သိန်း တစ်ရာလောက်အထိ ပေးပြီး ထွက်ခွာဖို့ ကြိုးစားကြတာလို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ အခုလိုလှေနဲ့ထွက်ခွာရင်း မြန်မာရေတပ်ရဲ့ ဖမ်းဆီးမှုကို မကြာခဏ ခံနေရတာလည်း ဖြစ်ပါတယ်။