ကျောက်တော်မြို့နယ်က ကျေးရွာတာဝန်ခံကို AA အဖွဲ့နဲ့ဆက်နွယ်တယ် ဆိုပြီးဖမ်းဆီး


2019.05.18
kyauktaw-622.jpg ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်ကို ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးလိုက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်မတော် စစ်ကြောင်းနဲ့အတူ ရွှေပြည်ကျေးရွာအတွင်း ဝင်ရောက် စစ်ဆေးရာမှာ ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်က သူရဲ့နေအိမ်ပေါ်ကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဓာတ်ပုံရိုက်ယူနေတာကို တွေ့ရတာကြောင့် ဖုန်းကို စစ်ဆေးရာမှာ AA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ပုံတွေ ဖုန်းအတွင်းမှာ တွေ့ရှိပြီး ဖမ်းဆီးလိုက်တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိ တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေပြီး မကြာခင် ရဲတပ်ဖွဲ့ကို လွှဲပြောင်း အပ်နှံသွားမှာဖြစ်ကြောင်းနဲ့ ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်ကတော့ သူ့အနေနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုရှိကြောင်း ထွက်ဆိုထားခြင်း မရှိသေးကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

ကျေးရွာတာဝန်ခံရဲ့ နေအိမ်အတွင်းကနေ ထုပ်ပိုးထားတဲ့ ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာတွေ၊ ဓာတ်ဆားထုတ်တွေနဲ့ အခြား စားသောက်ကုန်ပစ္စည်းတွေကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းမိခဲ့တယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေပြည်ကျေးရွာတာဝန်ခံကို AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးလိုက်တဲ့အပေါ် မိသားစုဝင်တွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ရက္ခိုင့်တပ်မတော် AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဦးသိန်းစိုးအောင်ဟာ နေအိမ်မှာ ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်ပြီး ဖမ်းဆီးရမိတဲ့ပစ္စည်းတွေဟာ ရောင်းချတဲ့ ပစ္စည်းတွေဖြစ်ကြောင်းနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။