ဒေးဒရဲမှာ လက်နက်တွေနဲ့ ဆက်စပ်စွပ်စွဲချက်နဲ့ ဒေသခံခြောက်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.02.09
ဒေးဒရဲမှာ လက်နက်တွေနဲ့ ဆက်စပ်စွပ်စွဲချက်နဲ့ ဒေသခံခြောက်ဦး ဖမ်းဆီးခံရ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲတံတားဂိတ်တွင် မော်တော်ယာဥ်စစ်ဆေးနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
We Love Dedaye

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ ဒရုန်းနဲ့ လက်နက်တွေ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ခြောက်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒေးဒရဲမြို့နယ်၊ ကျိတ်တောကျေးရွာနဲ့ ကဝက်ချောင်းကျေးရွာက ဒေသခံ သုံးဦးကို ဖေဖော်ဝါရီလ ၄ ရက်က လက်နက်တွေနဲ့အတူ စတင်ဖမ်းဆီးခံခဲ့ရပြီးနောက် ဒေးဒရဲမြို့ပေါ်မှာနေတဲ့ ကိုဝေယံ ဆိုသူနဲ့ သူ့ရဲ့ မိခင်အပြင် နောက်ထပ်တစ်ဦးပါ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ သိရတာကတော့ ကဝက်ချောင်းဘက်က လူသုံးဦးကို ပထမဆုံးဖမ်းတယ်လို့ သိရတယ်။ အဲဒါက ဘယ်နှစ်ရက်နေ့ကလဲဆိုတော့ ၄ ရက်နေ့ညနေ ၅ နာရီနဲ့ ၆ နာရီ ပတ်ချာလည်လောက်က အဖမ်းခံရတာ။ အဲဒီသုံးယောက်ကို အရင်ဆုံးဖမ်းတယ်။ ဖမ်းပြီးမှ ဒေးဒရဲမြို့ပေါ်က နှစ်ယောက်ကို ဖမ်းတယ်ပေါ့နော်။ အဲဒါပြီးမှ နောက်တစ်ယောက်ကတော့ နောက်နေ့မှာ ထပ်ဖမ်းတယ်ပေါ့"

ဖမ်းဆီးခံရသူတွေကတော့ ကိုလှိုင်မျိုးကျော်၊ ကိုနိုင်မျိုးရွှေနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ ပါဝင်သလို ကိုဝေယံနဲ့ သူ့ရဲ့ မိခင်ဖြစ်သူ အပါအဝင် စုစုပေါင်း ဒေသခံ ခြောက်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ အဖမ်းခံရသူတွေနဲ့အတူ ဒရုန်းလေးစင်း၊ သေနတ်သုံးလက်နဲ့ RPG လည်း ပါဝင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဖမ်းခံရသူတွေထဲက ဒေးဒရဲမြို့မှာနေတဲ့ ကိုဝေယံဦးကတော့ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က) နဲ့ အကျဥ်းကျခံခဲ့ရသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ပြန်လည်လွတ်မြောက်လာတာလို့ ဒေသခံနောက်တစ်ဦးက RFA ကို ပြောပါတယ်။ သူတို့ကို PDF တွေအတွက် ထောက်ပို့လုပ်နေတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီက ဖမ်းဆီးရာကနေ လက်နက်တွေပါ မိသွားတာလို့လည်း အဲဒီဒေသခံက ဆက်ပြောပါတယ်။

"ဟုတ်တယ် လူငယ်ခြောက်ဦး။ အဲဒီမှာ ပထမတော့ ဖမ်းတာက ထောက်ပို့ သံသယနဲ့ ဖမ်းရာကနေပြီးတော့ နောက် RPG တွေ တွေ့တယ်ဆိုပြီး ကြားတာပေါ့နော်"

ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် အဖမ်းခံရသူ အရေအတွက် ပိုများလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ခြောက်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းကို RFA က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မြန်အောင်မြို့နယ်၊ အင်ပင်မြို့အနီးမှာ လူငယ် လေးဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူခဲ့ချိန်ကစပြီး လက်ရှိအချိန်အထိ သုံးနှစ်အတွင်းမှာ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁၀၀ ကျော်ရှိလာပြီလို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။