ဒေါင်းအလံတင်မှု ကျောင်းသားတစ်ဦး စွပ်စွဲဖမ်းဆီးခံရ


2015.03.15

ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့က မြင်းခြံ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ရောက်တဲ့အချိန်မှာ ခွပ်ဒေါင်းအလံ လွှင့်တင်ခဲ့တဲ့လုပ်ရပ်အတွက် စွပ်စွဲပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မုံရွာနည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုစိုးလှိုင်ကို မတ်လ ၁ဝ ရက်နေ့ညမှာ  အာဏာပိုင်တွေက သူနေထိုင်ရာ ကျောင်းဆောင်ကို လာရောက်ဖမ်းဆီးသွားပါတယ်။ အဲ့ဒီနောက် သူ့ကို မြင်း ခြံထောင်မှာ ပို့ထားပါတယ်။

ကိုစိုးလှိုင်ဟာ ခွပ်ဒေါင်းအလံတင်တဲ့အချိန်က မုံရွာမြို့မှာပဲ ကျောင်းတက်နေတာဖြစ်ပြီး၊ ဂျာနယ်တွေ မှာဖော်ပြခဲ့တဲ့ ခွပ်ဒေါင်းအလံတင်နေတဲ့ ကျောင်းသားရဲ့ ဘေးတစောင်းပုံဟာ သူနဲ့ဆင်တူနေတဲ့ အခြားကျောင်းသား တစ်ယောက် ဖြစ်တဲ့အကြောင်း မနေ့ကထောင်ဝင်စာ သွားတွေ့ပြီးပြန်လာတဲ့ သူ့ဖခင် ဦးကျော်ဌေး က RFA ကိုပြောပါတယ်။

သူ့ကို လာမယ့်မတ်လ ၂၃ ရက်နေ့မှာရုံးထုတ်မယ်လို့ အာဏာပိုင်တွေက ပြောထားတဲ့အကြောင်းနဲ့ သူ့အတွက်ရှေ့နေလိုက်ပေးမယ့်သူ မရှိသေးတဲ့အကြောင်းလည်း ဖခင်ဖြစ်သူ ဦးကျော်ဌေးက ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီရုံးထုတ်မယ့်နေ့ဟာ ကိုစိုးလှိုင်အတွက် စာမေးပွဲဖြေရမယ့် ပထမဆုံးနေ့ဖြစ်တဲ့အတွက် ပညာရေးထိခိုက်မှာကိုလည်း မိဘတွေအနေနဲ့ စိုးရိမ်တယ်လို့ဆိုပါတယ်။

ကိုစိုးလှိုင်ဟာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် လက်ပုဂံရွာဇာတိဖြစ်ပြီး မိဘတွေကတောင်သူတွေ ဖြစ်တဲ့အတွက် တရားရုံးကိစ္စတွေမှာ အကူအညီလိုနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။