ဖမ်းဆီးခံကျောင်းသားတွေ လွတ်လပ် တဲ့ တရားစီရင်ရေး တောင်းဆို


2015.05.08
phyophyoaung-305.jpg သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ဒီမိုကရေစီပညာရေးတောင်းဆိုလို့ သာယာဝတီထောင် မှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေဟာ ရိုက်နှက် ခံထားရတဲ့ အတွင်းဒဏ်တွေ ခံစားနေရသေးသလို၊ ရာသီဥတုပူပြင်းတဲ့အတွက် အဖုအပိန့်တွေထွက် တာ၊ သွေးတိုးတာ၊ ခေါင်းကိုက်တာတွေ ခံစားနေရ တယ်လို့ သိရပါတယ်။

ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ဆိုရင် အပူဖုတွေထွက်ပြီး ဆေးကုနေ ရတယ်လို့ မနေ့ကထောင်ဝင်စာသွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်သန္တာက RFA ကိုပြောပါတယ်။

"ဖြိုးဖြိုးက သူ့ကိုယ်ထဲမှာ အပူဖုတွေ အနီဖုတွေ အကုန်ထွက်လာတာပေါ့၊ ဆရာဝန်ပြတော့ ဆရာဝန် ကလာကြည့်ပြီးတော့ ပဋိဇီဝဆေးတွေပေးတာပေါ့၊ အဲ့ဆေးတွေကို သောက်ရတဲ့အတွက် သူကတော်တော်နုံးချိနေတဲ့ပုံစံရှိတာပေ့ါ။ ယောကျ်ားလေးတွေလည်း အဲ့လိုပဲလေ၊ ဗိုက်အောင့်တဲ့လူတို့ မျက်နှာမှာဖုတွေထွက်တာတို့ ကိုယ်တွေယားတာတို့ပေါ့"

နယ်ကျောင်းသားတွေများတဲ့အတွက် မိဘတွေက အပတ်စဉ်ထောင်ဝင်စာမတွေ့နိုင်တော့လို့ အစားအသောက် နဲ့ ဆေးဝါးမလုံလောက်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အမှုမစစ်ခင်မှာ ရှေ့နေတွေနဲ့တိုင်ပင်ဖို့ အချိန်ကာလလုံလုံလောက်လောက်လိုချင်သလို၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်တယ်လို့ မဖြိုးဖြိုးအောင်က ပြောဆိုလိုက်တယ်လို့ ဒေါ်သန္တာ က ပြောပါတယ်။

"ဖြိုးဖြိုးကပြောတာတော့ သူတို့အမှုကို တရားစွဲဆိုတော့မယ်ဆိုရင် ၁၂ ရက်နေ့မတိုင်ခင် ရှေ့နေနဲ့တွေ့ချင် တယ်လို့ ပြောလိုက်တယ်လ၊ သာယာဝတီရုံးကိုရောက်လို့ရှိရင် ပွင့်လင်းမြင်သာတဲ့ အများပြည်သူတွေ နားထောင်နိုင်တဲ့ တရားရုံးမျိုးမှာဖြစ်ချင်တယ်လို့ ပြောတာပဲ၊ တရားရုံးမှာ ရှေ့နေနဲ့မပြောရဘူး၊ ဒါကြောင့် ၁၂ ရက်နေ့မတိုင်ခင် ရှေ့နေနဲ့တွေ့ချင်တယ်ပေါ့၊ "

ဒီမိုကရေစီပညာရေးတောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ကျောင်းသားနဲ့ ဝန်းရံပြည်သူ အယောက် ၇၀ ကို လာမယ့် မေလ ၁၂ ရက်နေ့မှာ သာယာဝတီမြို့နယ် တရားရုံးမှာရုံးထုတ်မှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အဲဒီသာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ဝန်းရံပြည်သူ ကိုဆန်းလွင်ဦးရဲ့ မိခင် ဒေါ်ခင်မြ (အသက်-၇၈ နှစ်) ဟာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်းက နေအိမ်မှာ မနေ့က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ရဲ့မိခင် ဒေါ်သန္တာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ဆက်နွယ်သောသတင်းများ

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။