ဖမ်းဆီးခံကျောင်းသားတွေ ကြေ ညာချက်ထုတ်
2015.04.10

ဖမ်းဆီးခံကျောင်းသားတွေ လက်ရှိရင်ဆိုင်နေရတဲ့ တရားစီရင်ရေးဟာ လွတ်လပ်၊ မျှတမှုမရှိတဲ့အပြင်၊ အစိုးရက ရည်ရွယ်ချက်ရှိရှိ အမှုကြီးအောင်ဆောင် ရွက်နေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေကို လွှတ်တော် က ဘယ်လိုဆက်ပြီးရေးဆွဲနေတယ်ဆိုတာ စောင့် ကြည့်နေတဲ့အကြောင်း သာယာဝတီထောင်က ကျောင်း သားတွေရဲ့ သဘောထားကြေညာချက်တစ်စောင် မနေ့က ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီ့စာကို ဖမ်းဆီးခံကျောင်းသားများကိုယ်စားဆိုပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင်ရဲ့ နာမည်တွေ နဲ့ ရေးထားပါတယ်။
ဒါကြောင့် အဲဒီ့စာနဲ့ ပတ်သက်လို့ စုံစမ်းကြည့်တဲ့အခါ သူတို့သူငယ်ချင်းတွေက တရားရုံးထွက်ရချိန် မှာ ရှေ့နေတွေကတဆင့် ပြောလိုက်တာလို့ သိရတဲ့အကြောင်း၊ ဗကသများအဖွဲ့ချုပ် မြောင်းမြခရိုင်ဥက္ကဌ ကိုမြတ်သူက RFA ကိုပြောပါတယ်။
"ကျနော်တို့ သူငယ်ချင်းတွေပြောတဲ့ဟာကို သူတို့အမှုလိုက်ပေးတဲ့ ရှေ့နေတွေက မှတ်တမ်းပြုပြီးတော့ ထုတ်ပြန်ပေးထားတာပါ၊ ဒီစာရဲ့အနှစ်သာရကတော့ ခုလက်ရှိကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မတရားမှုတွေပေါ့နော်၊ ကတိကဝတ်ချိုးဖောက်ပြီး အကြမ်းဖက်မဖမ်းဆီးပါဘူးဆိုပြီး ဖမ်းဆီးခဲ့ တာတွေ၊ နောက်အမြို့မြို့အနယ်နယ်တွေမှာ မတရားဖမ်းဆီးထိန်းသိမ်းနေတာတွေ၊ ပြီးတော့ လွတ်လပ်တဲ့တရားစီရင်ခွင့်မရတာတွေ တရားခွင်မှာ ပြည်သူတွေလာရောက်နားထောင်ခွင့် မရတာတွေ နောက်တစ်ချက်က လွှတ်တော်ရဲ့အနေအထားကိုလည်း ထောင်ထဲကရဲဘော်တွေက ဆက်လက်စောင့်ကြည့်နေတဲ့အကြောင်းတွေပါ"
သပိတ်စခဲ့တဲ့ မန္တလေးမြို့ကနေ လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့အထိ ကျောင်းသားတွေဘက် က ဆဲဆို၊ ရန်မူ၊ ရိုက်နှက်တာတွေ မလုပ်ခဲ့တဲ့အကြောင်း၊ အခုစွပ်စွဲခံနေရတဲ့ ပြစ်မှုပုဒ်မတွေကိုလဲ မကျူးလွန်ခဲ့တဲ့အကြောင်း၊ အခုလို သူတို့ကိုဖမ်းထားတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေပြင်ဆင်မှုနဲ့ ပတ်သက်လို့လည်း NNER ပညာရေးကွန်ရက်ရဲ့ မူအတိုင်းဆက်ပြီးလက်ခံနေမှာဖြစ်သလို လွှတ်တော်ကဆောင်ရွက်ချက်ကိုလည်း စောင့်ကြည့်နေမှာဖြစ်တဲ့ အကြောင်းရေးသားထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေ နဲ့ သွေးမကွဲပဲတစ်စုတစ်စည်း ရှိနေမှာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။
သာယာဝတီထောင်တွင်းရောက်ကျောင်းသားတွေရဲ့ သဘောထားကြေညာချက် ထွက်လာတာနဲ့ ပတ်သက်ပြီး၊ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးအဖြစ် အစိုးရကအလိုရှိနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မြောင်းမြခရိုင်ဥက္ကဌ ကိုမြတ်သူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာနားဆင်နိုင်ပါပြီ။