တောင်တွင်းကြီးနဲ့ နတ်မောက်မြို့က ဒေသခံ ၁၀ ဦး အဖမ်းခံရ

2021.09.14
တောင်တွင်းကြီးနဲ့ နတ်မောက်မြို့က ဒေသခံ ၁၀ ဦး အဖမ်းခံရ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ မတ်လအတွင်းက တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာသား ဒေသခံပြည်သူ ငါးဦးကို စက်တင်ဘာလ ၁၃ ရက် မနေ့က Mytel တာဝါတိုင် ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ် လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အဖမ်းခံရသူ ငါးဦးထဲမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“Mytel တာဝါတိုင် ဖျက်တယ်ဆိုပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကားတစ်စီး၊ ဆိုင်ကယ်ရှစ်စီးနဲ့ စစ်သားတွေလာပြီး ဖမ်းသွားတာ၊ တစ်ရွာလုံးလည်း ကြောက်ပီးပြေးကြတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံက ပြောပါတယ်။

အိုးပေါက်ကျေးရွာနဲ့ ကုက္ကိုကုန်းကျေးရွာနားက Mytel တာဝါတိုင်နှစ်ခု စက်တင်ဘာလ ၁၂ ရက်နေ့က ဖျက်ဆီးခံလိုက်ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီနေ့မှာပဲ အိုးပေါက်ကျေးရွာနဲ့ တစ်ဆက်တည်း တောင်လျောင်း (ရွာမ) ကျေးရွာမှာလည်း Mytel တာဝါတိုင် ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံရွာသား နှစ်ဦး သေဆုံးပြီး လေးဦး အဖမ်းခံလိုက်ရပါတယ်။

အလားတူပဲ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှိုက်ပင်ကျေးရွာက ဒေသခံပြည်သူ အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦး စုစုပေါင်း ငါးဦးကို စက်တင်ဘာလ ၁၃ ရက် မနေ့ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီက လာရောက်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲက နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့သလို ဘာကြောင့်ဖမ်းသွားလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Mytel တာဝါတိုင် ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ ရွာသားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။