တန့်ဆည်မြို့ ဒေါင့်ကြီးရွာကို စစ်ကောင်စီ တပ်တွေစီးနင်းပြီး ရွာသား ၁၀ ဦးကို ဖမ်းဆီး

2021.10.10
တန့်ဆည်မြို့ ဒေါင့်ကြီးရွာကို စစ်ကောင်စီ တပ်တွေစီးနင်းပြီး ရွာသား ၁၀ ဦးကို ဖမ်းဆီး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ၂၀၂၁၊ အောက်တိုဘာ ၉ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင်း ဆန္ဒပြကြစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးရွာကို အောက်တိုဘာ ၉ ရက် မနေ့က စစ်ကောင်စီတပ်တွေ အင်အားတစ်ရာခန့်နဲ့ ဝင်ရောက်စီးနင်းကာ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေါင့်ကြီးရွာက မျက်မြင်တွေ့သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ရွာထဲကိုဝင်လာကြတာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦး က ပြောပါတယ်။

"ရွာဦးထိပ် အရှေ့ဘက်ကနေ အင်အား ၄၀ နဲ့ ခြေလျင်လာတယ်။ ရွာရဲ့တောင်ဘက် လယ်ကွင်းကြားမှာ အင်အား ၆၀ ရောက်လာပြီးတော့ ဝင်စီးတယ်။ စစချင်း ဝင်စီးတာက ရွာဦးထိပ်ကအိမ်။ အဲဒီအိမ်က အတွင်းပစ္စည်းတွေ ဝင်ရောက်ဖျက်ဆီးသွားတယ်။ ရွာလယ်ကဈေးဆိုင်လည်း လိုချင်တာယူပြီး ဝင်သောက်စားသွားတယ်။ အင်အား ၆၀ ကတော့ ရွာတောင်ပိုင်းက ပြည်သူတွေကို ဖမ်းဆီးသွားတယ်"

ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား လေးဦးဖြစ်ပြီးတော့ နေအိမ်မှာရှိနေချိန် ဖမ်းဆီးခံရတာလို့ဆိုပါတယ်။ သူတို့ကိုတော့ တန်ဆည်မြို့ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေါင့်ကြီးရွာက ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ ဖမ်းဆီးခံရသူတွေဟာ သာမန်အရပ်သားတွေဖြစ်ပြီး သတင်းအမှားပေးသူတွေကြောင့် သူတို့တွေဟာ သံသယနဲ့ ဖမ်းဆီးခံကြရတာလို့ ပြောကြပါတယ်။

ဒေါင့်ကြီးရွာရဲ့ လက်ရှိအခြေအနေနဲ့ ရွာသားတွေ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတဲ့ အသေးစိတ် အခြေအနေကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းတပ်စွဲကာ သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် အိမ်ခြေ ၇၀၀ ကျော်က ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။