ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်ကြောင်း သံသယရှိသူ ၁၂ ဦးကို အမှုဖွင့်


2015.05.04

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မင်းပြားမြို့နယ်တို့မှာ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးထားသူတွေထဲက ၁၂ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တပ်မတော်က ဖမ်းဆီးထားတဲ့ ၆၃ ဦးကို စစ်ဆေးတဲ့အခါ AA နဲ့ ဆက်သွယ်သူတွေရဲ့ ဓာတ်ပုံအချက်အလက်တွေ ရရှိလာတဲ့အတွက် အခုလိုအမှုဖွင့်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောပါတယ်။

"AA သောင်းကျန်းသူအဖွဲ့ပေါ့နော် ၆၃ ယောက်ရတဲ့အခါကျတော့ ကျနော်တို့ကိုလွှဲပေးတယ်၊ ကျနော်တို့က လိုက်ဖမ်းနေတာပေါ့ဗျာ၊ နောက် iPad တို့ လက်တော့တို့ သိမ်းဆည်းရမိတဲ့အခါကျတော့ သူတို့ရဲ့အဖွဲ့ ဓါတ်ပုံတွေပါတယ်ဗျ၊ ဓါတ်ပုံတွေအရ သူတို့နေတဲ့ရွာတွေကို လိုက်ဖမ်းဆီးပြီးတော့ အမှုတည်ဆောက်ပြီး တရားရုံးကို တရားစွဲတင်မယ်၊ အဲ့ကာလမှာ သူတို့ကရှေ့နေတွေ ငှားလို့ရတယ်၊ အယူခံတွေဝင်လို့ရတယ်"

ကျောက်တော်မြို့ခံ ၁၀ ဦးနဲ့ မင်းပြားမြို့ခံ ၂ဦး စုစုပေါင်း ၁၂ ဦးကို အစိုးရတပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက်မှာ ပြည်နယ်ရဲတပ်ဖွဲ့ထံ လွဲှပြောင်းပေးပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ကျောက်တော်မြို့အနီးတဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AAတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က မသင်္ကာသူတွေကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။