ကျောက်ဖြူမြို့က လူမှုရေးလှုပ်ရှားသူ ဦးထွန်းလွင် စစ်ကောင်စီတပ်ထဲ ဖမ်းဆီးခံထားရ

RFA Burmese
2024.04.16
ကျောက်ဖြူမြို့က လူမှုရေးလှုပ်ရှားသူ ဦးထွန်းလွင် စစ်ကောင်စီတပ်ထဲ ဖမ်းဆီးခံထားရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ဦးထွန်းလွင်အား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။
Facebook/ နို့ ဒေါင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က လူမှုရေးလှုပ်ရှားသူ ဦးထွန်းလွင်ကို ဧပြီလ ၁၄ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ မိတ်ဆွေတွေက RFA ကိုပြောပါတယ်။

သူဟာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဓမ္မသုခလမ်းက သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးခံရတာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးထွန်းလွင်ရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

"အခုသူ့ကို ခလရ (၃၄) ထဲမှာ ချုပ်ထားတာ။ သူ့ရဲ့ မိသားစုဝင်တွေလည်း တွေ့ခွင့်မရှိဘူး။ သူကတော့ လူပျိုကြီးလေ။ ညီအစ်ကိုတွေက ရှိတယ်။ သူ့တပည့်တွေက ရှိတယ်။ သူက ကျူရှင်ဆရာ။ အဲဒါ သူ့ကို တွေ့ခွင့်မပေးဘူး"

ဦးထွန်းလွင်ဟာ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သလို ကျောက်ဖြူမြို့နယ်က တရုတ်စီမံကိန်းတွေမှာ ဒေသခံတွေရဲ့ နစ်နာမှုတွေအတွက် ဦးဆောင်တောင်းဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ကျောက်ဖြူမြို့နယ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဖမ်းဆီးမခံရခင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ရေးသားဖြန့်ဝေတာတွေ ရှိခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ သူ့မိတ်ဆွေတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။