ဖမ်းဆီးခံရတဲ့ ကယားလူငယ်နှစ်ဦးပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်လေး နှစ်ဦးရဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွေမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီ ကရင်နီလူငယ်နှစ်ဦးဟာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခြောက်မိုင်စံပြကျေးရွာက ဖြစ်ပြီး သူတို့ကို စက်တင်ဘာလ ၉ ရက်နေ့မှာ ငွေတောင်ရှိ ခလရ ၁ဝ၂ က ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံထဲမှာ ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လူငယ်လေးနှစ်ဦးက နွေဦးအရေးတော်ပုံ အထိမ်းအမှတ် အဖြစ် လက်သုံးချောင်းထောင်ထားပါတယ်။ သတင်းတချို့မှာ အဲဒီ ကရင်နီလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်မသတ်ခင် နောက်ဆုံးအခွင့်အရေးအနေနဲ့ စကားပြောခွင့်ပေးချိန်မှာ လူငယ်နှစ်ဦးက "အရေးတော်ပုံ အောင်ရမည်" ဆိုပြီး ကြွေးကြော်ခဲ့တယ်လို့ ဖော်ပြပေမယ့် သတင်းဌာန တချို့ကတော့ အဲဒီလူငယ်တွေကို စစ်တပ်က ဓာတ်ပုံရိုက်ဖို့အတွက် အခုလို လက်သုံးချောင်းထောင်ဖို့ အဓမ္မ ညှဉ်းပန်း ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။
ဓာတ်ပုံထဲမှာ အင်္ကျီအနီဝတ်ထားသူက ပါစကွားလယ် ဖြစ်ပြီး နောက်တစ်ဦး ကတော့ ဖီဒေးလယ် ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်နေတဲ့ အဲဒီလူငယ်လေး နှစ်ဦး ရွာကို ခေတ္တပြန်လာချိန်မှာ စစ်ကြောင်းနဲ့ တွေ့ပြီး အခုလို ဖမ်းဆီးခံခဲ့ရတာ လို့လည်း ဆိုပါတယ်။
အဲဒီဓာတ်ပုံဟာ ခလရ ၁ဝ၂ တပ်ဝင်းထဲမှာ ရိုက်ကူးထားတာလို့ သတင်း မီဒီယာတချို့က ဖော်ပြပြီး တချို့ကတော့ ခမရ (၄၂၇) တပ်ဝင်းထဲမှာ ရိုက်ကူးခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီစစ်တပ်နှစ်တပ်လုံးဟာ ဒီးမော့ဆို မြို့နယ် ငွေတောင်ကျေးရွာမှာ အခြေစိုက်တဲ့ တပ်တွေ ဖြစ်ပါတယ်။
သူတို့ရဲ့ အသက်တွေကို မီဒီယာတချို့က ၁၄ နှစ်နဲ့ ၁၅ နှစ်လို့ ဖော်ပြကြပြီး တချို့ကတော့ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်လို့ ဆိုပါတယ်။ စစ်ကောင်စီ အသိုင်းအဝိုင်းက ရတဲ့ သတင်းတစ်ခုမှာတော့ ဒီကိစ္စမှာ တပ်မ ၆၆ တပ်မမှူးနဲ့ သူ့လက်အောက်ခံ ခမရ (၁၄) က တပ်သားတွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
ဒီလူငယ်လေးနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ပစ်လိုက်ပြီလို့ သတင်းထွက်နေပေမယ့် RFA က အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီကိစ္စအတွက် ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။