ကျောက်တော်က လူငယ် နှစ်ဦး အဖမ်းခံထားရလို့ မိသားစုဝင်တွေပြော


2020.07.04

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပိန္နဲချောင်းကျေးရွာ ကိုနေမျိုးထွန်း (၂၀) နှစ်နဲ့ ကိုရဲထွန်း (ခ) သိန်းထွန်းအေး (၂၄) နှစ်တို့ဟာ ဇူလိုင်လ ၁ ရက်နေ့က ကျောက်တော်ဈေးက ဘောလုံးဝယ်ပြီးအပြန် ကစ္ဆပနဒီတံတားအနီးမှာ ပျောက်ဆုံးသွားတာပါ။

ကျောက်တော်ဈေးကအပြန် ကစ္ဆပနဒီတံတားဂိတ်မှာ ဖမ်းဆီးခံရကြောင်း ဖုန်းနဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တယ်လို့ ကိုနေမျိုးထွန်းရဲ့ မိခင် ဒေါ်တင်တင်ဦးက ပြောပါတယ်။

“ကိုးနာရီခွဲလောက်မှာ ဘောလုံးဝယ်ဖို့ သွားပါတယ်။ ဈေးကအပြန်မှာ တံတားဂိတ်ကနေ နေမျိုးထွန်းနဲ့ ရဲထွန်းကို ဖမ်းသွားပါတယ်။ ကျမဆီကို ဖုန်းနဲ့ဆက်သွယ်ပါသေးတယ်။ အမေ သားတို့ အဖမ်းခံရတယ်လို့ ကျမကို ဖုန်းနဲ့ပြောပါတယ်။ အမေလိုက်လာမယ်လို့ ပြောတော့ ဖုန်းကို စက်ပိတ်လိုက်ပါတယ်။ အဲဒီနောက် လုံးဝအဆက်အသွယ်မရပါဘူး။ အဲဒီတစ်ခေါက်ပဲ ရလိုက်တယ်။ ၃၇၅ တပ်ရင်းက ဖမ်းတာကတော့ အမှန်ပါပဲ”

ပျောက်ဆုံးနေတဲ့ ကိုရဲထွန်းက ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ကိုနေမျိုးထွန်းက မိခင်ကို လုပ်ကိုင်ကျွေးနေတာဖြစ်တယ်လို့ ဒေါ်တင်တင်ဦးက ပြောပါတယ်။

ကျောက်တော်မြို့နဲ့ ပိန္နချောင်းကျေးရွာဟာ ကစ္ဆပနဒီတံတားခြားတာဖြစ်ပြီး အဲဒီတံတားနှစ်ဘက်က ဂိတ်တွေမှာ အမှတ် ၃၇၅ တပ်ရင်းက လုံခြုံရေးယူထားတာလို့ ဒေသခံတွနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီတံတားဂိတ်မှာရှိတဲ့ အမှတ် ၃၇၅ တပ်ရင်း တာဝန်ရှိသူတွေကို သွားရောက်စုံစမ်းမေးမြန်းခဲ့ပေမယ့် ဒီကိစ္စကို သူတို့ မသိရှိကြောင်းနဲ့ အဲဒီမနက်ပိုင်းက တာဝန်ကျသူနဲ့ နေရာပြောင်းလိုက်ကြောင်း ပြောတယ်လို့ ကိုရဲထွန်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းနုက ပြောပါတယ်။

“ဒီတံတားထိပ်မှာ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာ ၃၇၅ တပ်ရင်းကပဲ ထိုင်တာလေ။ ၃၇၅ တပ်ရင်းကပဲ ဖမ်းတာ။ ကျမတို့ မနေ့ကလည်း သွားရှာသေးတယ်။ ကျမက တာဝန်ခံကို သွားမေးတယ်။ သွားမေးတော့ တာဝန်ခံ တပ်ရင်းဗိုလ်က အဘလေးကို ခေါ်ပေးမယ်လို့ ပြောတယ်လေ။ အဘလေးက ထွက်မလာဘူး။ အဲဒီ ဂိတ်ဗိုလ်ကပဲ ပြန်ထွက်လာပြီး ကျနော်တို့ ဒီပြဿနာကို မသိဘူး ပြောတယ်။ ကျမက ခုနှစ်လပိုင်း တစ်ရက်နေ့ က ဘယ်သူထိုင်လဲမေးတော့။ ကျနော်တို့မဟုတ်ဘူး ကျနော်တို့က နေရာပြောင်းပစ်လိုက်ပြီလို့ ပြောပါတယ်။”

ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ ကျောက်တော်ရဲစခန်းကို လူပျောက်ဆုံးနေကြောင်း အကြောင်းကြားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုနေမျိုးထွန်းနဲ့ ကိုရဲထွန်းတို့ နှစ်ဦးဟာ တခြား အရှုပ်အရှင်းကိစ္စတွေမရှိဘဲ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို မသိရှိရသေးသလို လက်ရှိအချိန်အထိ အဆက်အသွယ်မရတာကြောင့် စိတ်ပူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ကိုနေမျိုးထွန်းနဲ့ ကိုရဲထွန်းတို့ ပျောက်ဆုံးနေတာဟာ မှန်ကန်ကြောင်း တည်ပြုပြောပါတယ်။

လောလောဆယ် အခြေအနေအရ ချက်ချင်း ဆောင်ရွက်တာမရှိပေမယ့် အဆက်သွယ်မရဘဲ စုံးစမ်းလို့မရတဲ့ အခြေအနေတွေမှာတော့ အချက်အလက်တွေကို အခြေခံပြီး သက်ဆိုင်ရာတွေကို အကြောင်းကြားပေးသွားမယ်လို့ ဦးဦးထွန်းဝင်း ပြောပါတယ်။

“ပိန္နဲချောင်းက အမျိုးသမီး နှစ်ယောက် သူတို့ ကလေး နှစ်ယောက် ကျောက်တော်ကို သွားတဲ့အချိန် ပျောက်သွားတာပေါ့လေ။ သူတို့ပြောတာကတော့ အဲဒီနားမှာရှိတဲ့ တံတားရင်းမှာရှိတဲ့ တပ်မတော်က တပ်သား တချို့နဲ့ တွေ့တယ်။ တွေ့ပြီးတော့ ခေါ်သွားတယ်ဆိုပြီး ကျနော့်ဆီကို မနေ့က လာပြောကြပါတယ်။ ချက်ချင်းကြီး အခြေအနေတစ်ခုအရ စစ်ဆေးနေတဲ့အချိန်မှာ ကျနော်တို့ တခြားဆောင်ရွက်တာတော့ မရှိပါဘူး။ နည်းနည်း ဆက်သွယ်မှုတွေ ပြတ်သွားတယ်၊ စုံစမ်းလို့မရတော့တဲ့ အခြေအနေတွေဆိုရင်တော့ အချက်အလက်တွေကို အခြေခံပြီးတော့မှ သက်ဆိုင်ရာတွေကို လှမ်းအကြောင်းကြားတာတွေ လုပ်တာပေါ့။”

ဖေဖော်ဝါရီလ ၂၆ ရက်နောက်ပိုင်း အခုလို ပျောက်ဆုံးနေပြီး အဆက်အသွယ်မရလို့  မိသားစုဝင်တွေကနေ ဆက်သွယ်လာတဲ့ စာရင်းတွေအရ လူ ၂၀ ကျော်လောက်ရှိပြီး စစ်ဆေးပြီး ပြန်လွှတ်ပေးတာ၊ ရဲစခန်းကိုပို့ တရားစွဲတာနဲ့ ပျေက်နေသူ စုစုပေါင်း ၆၀ ကျော်လောက်ရှိတယ်လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။

ပိန္နဲချောင်းကျေးရွာက ကိုနေမျိုးထွန်းနဲ့ ကိုရဲထွန်းတို့ နှစ်ဦးရဲ့ မိသားစုဝင်တွေ ပြောဆိုချက်အရ အမှတ် ၃၇၅ တပ်ရင်းက ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA မေးမြန်းဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA  တို့ကြား တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တရားစွဲဆို ခံရတာတွေနဲ့ ပျောက်ဆုံးနေသူတွေ တဖြည်းဖြည်း များလာနေသလို တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား အရေအတွက်လည်း တဖြည်းဖြည်း များလာနေပါတယ်။

RFA က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ရခိုင်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇွန်လ ၂၉ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား (၂၆၆) ဦးနဲ့ ထိခိုက် ဒဏ်ရာရတဲ့ အရပ်သား (၅၇၆) ဦး အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။