မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ဖမ်းဆီးခံရ

2021.11.09
မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ဖမ်းဆီးခံရ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ NLD ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ကို တွေ့ရစဉ်
.

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ဟာ နိုဝင်ဘာလ ၈ ရက် မနေ့ နေ့လယ်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ အဝင်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ဒီနေ့ မနက်က ပြောပါတယ်။

သူဟာ လုံခြုံရေးအရ တိမ်းရှောင်နေစဉ်မှာပဲ စစ်တပ်က ဖမ်းဆီးခဲ့တာလို့ အဲဒီမိသားစုဝင်က ပြောပါတယ်။

"မနေ့က တစ်နေ့ကုန် အဆက်အသွယ်မရဘူး ဖြစ်နေတယ်။ ညပိုင်းလောက် ၇ နာရီမှ ရပ်စောက်ဘက်က အဆက်အသွယ်ရတယ်။ ရပ်စောက်မှာဖြစ်တာက နေ့ခင်းပိုင်းမှာဖြစ်တာပါ"

ဦးဝင်းမြင့်လှိုင် နဲ့အတူ ညီဖြစ်သူ ဦးဇော်ဇော်လည်း ဖမ်းဆီးခံရတဲ့အထဲ ပါသွားပြီး တောင်ကြီးမြို့ကို ဆက်လက် ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပင် စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုထားလို့ နေအိမ်ကနေ တိမ်းရှောင်နေရတာပါ။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်ဟာ သွေးတိုးရောဂါအခံ ရှိသူဖြစ်တယ်လို့လည်း မိသားစုက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကနေ မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင် အနိုင်ရထားသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ၄၈၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။