မြိတ် တုံးဗျောကြီးရွာမှာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ငါးဆယ်ခန့် ဖမ်းဆီးခံထားရ
2023.10.25

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မြိတ်-တနင်္သာရီလမ်းဘေးရှိ တုံးဗျောကြီးရွာက အမျိုးသမီးနဲ့ နို့စို့အရွယ် ကလေးငယ်တွေအပါအဝင် ဒေသခံ ငါးဆယ်ခန့်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ရက်နေ့ကစလို့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကို တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီးနောက် ရွာသားတွေကို အခုလို ဖမ်းဆီးစစ်ဆေးနေတာလို့ ပြောပါတယ်။
တချို့ဆိုရင် မွေးကင်းစကလေးနဲ့ မိခင်အပါအဝင် မိသားတစ်စုလုံး ဖမ်းဆီးစစ်ဆေးခံနေ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“တုံးဗျောကြီးရွာမှာနေတဲ့ ဒေသခံ မိသားစုလိုက်ကို ဖမ်းတာ၊ မွေးကင်းစ ကလေးငယ်လည်း ပါတယ်။ စစ်တာ ဆေးတာလုပ်ပြီး တချို့ကို ပြန်လွှတ်ပေးတယ်။ တချို့ကတော့ ဆက်ပြီး အဖမ်းခံထားရဆဲပဲ”
လုံခြုံရေးစိုးရိမ်ရတာကြောင့် ပြန်လွတ်လာသူ၊ ဆက်ပြီးဖမ်းဆီးခံထားရသူနဲ့ အမျိုးသမီး၊ အမျိုးသား၊ ကလေး စတဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ အတည်မပြု နိုင်သေးဘူးလို့ သူက ဆိုပါတယ်။
ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တနင်္သာရီ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကတော့ အောက်တိုဘာ ၂၀ ရက်နေ့က တနင်္သာရီအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီး စစ်ကောင်စီရဲ့ ကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာမှန်ကန်ကြောင်း RFA ကို ဒီနေ့ အတည်ပြု ပြော ဆိုပါတယ်။
ကင်းစခန်းပတ်လည်မှာ စစ်ကောင်စီက မိုင်းတွေထောင်ထားသလို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်း မလုံလောက်တာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စခန်းဝင်သိမ်းတာ။ သူတို့ (စစ်ကောင်စီတပ်) ဘက်ကလည်း မိုင်းတွေ အများကြီး ထောင်ထားတယ်။ ကျွန်တော်တို့ဘက်ကလည်း လက်နက်ခဲယမ်း အခက်အခဲကြောင့် စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ ဒရုန်းတစ်စင်းလည်း ပျက်စီးသွား တယ်”
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ၁၂ ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့သူက ဆိုပါတယ်။ ဒီအခြေအနေကြောင့် စစ်ကောင်စီတပ်က အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတာလို့လည်း သူက ပြောပါတယ်။
သူရဲ့ပြောဆိုချက်ဖြစ်တဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက် အရေအတွက်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင် ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
တုံးဗျောကြီးရွာက စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းဟာ မကြာခဏ တိုက်ခိုက်ခံနေရပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် တာကို ခံခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ FEB Tanintharyi အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဧပြီလက နေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ တနင်္သာရီဒေသမှာ ဖမ်းဆီးခံရသူ ၃၂၀၃ ဦး ရှိပြီး အဲဒီ အထဲက ၂၁၄၁ ဦး ပြန်လွတ်လာပါတယ်။ ကျန် တစ်ထောင် ကျော်ကတော့ တနင်္သာရီဒေသက အကျဉ်းထောင်တွေမှာ အခုချိန်ထိ ဖမ်းဆီးခံထားရပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေမှာ ယာယီဖမ်းဆီး စစ်ဆေးနေတဲ့ အရေအတွက် မပါဝင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ပြည်သူ ၁၉,၆၁၆ ဦး ဖမ်းဆီးခံထားရပါတယ်။