မြန်အောင်မြို့နယ် အင်ပင်မြို့မှာ လူငယ်လေးဦး လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရ

RFA Burmese
2024.02.05
မြန်အောင်မြို့နယ် အင်ပင်မြို့မှာ လူငယ်လေးဦး လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရ အင်ပင်မြို့မြင်ကွင်းအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ရစဥ်။
မြေလတ်အသံ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့အနောက်ဘက်မှာရှိတဲ့ ရခိုင်ရိုးမအစပ်မှာ ဖေဖော်ဝါရီလ ၂ ရက်က လူငယ်လေးဦးကို လက်နက်တွေနဲ့အတူ စစ်ကောင်စီတပ်သားတွေဖမ်းဆီးခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး လက်ရှိမြန်အောင်မှာရှိတဲ့ ခလရ (၅၁) တပ်ရင်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရန်ကုန်မြို့မှာ လူငယ်တစ်ဦး စတင်ဖမ်းဆီးခံရပြီးနောက် အခုလိုဆက်စပ်သူတွေကို ဆက်တိုက်ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အဖမ်းခံရတာ မှန်တယ်။ လူက အနည်းဆုံးလေးယောက်လောက် အစ်ကိုရာ။ ဘာလို့လဲဆိုတော့ သူတို့က တစ်ဆင့်ချင်း အဖမ်းခံရတာ။ စိုးရိမ်လားဆိုတော့ ဆေးကုသခွင့်တောင် မပေးဘူးလို့သိရတယ်။ ဒဏ်ရာ ဘာညာလည်း ရထားတယ်”

ဖမ်းဆီးခံရသူအရေအတွက် လေးဦးထက် ပိုနိုင်ပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

မြန်အောင်မြို့နယ်မှာ နေထိုင်တဲ့နောက်ထပ်ဒေသခံတစ်ဦးကတည်း အင်ပင်မြို့အနီး ရခိုင်ရိုးမအစပ်မှာ လူငယ်လေးဦးဖမ်းဆီးခံရပြီးနောက် လုံခြုံရေးပိုတင်းကျပ်ထားတယ်လို့ RFA ကိုပြောပါတယ်။

“သူတို့သတင်းရတဲ့အခါကျတော့ ဖမ်းသွားတယ်ပေါ့။ ဝင်ဖမ်းသွားတဲ့အနေအထားမှာ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က လက်ရှိရပ်ကွက်သတင်းအနေနဲ့ ကြားတာကတော့ လေးယောက်ဖမ်းမိတဲ့အနေအထားမှာ သုံးယောက်က လက်နက်ပါတယ်ပေါ့။ အဲဒီလိုမျိုးတော့ ကြားတယ်။ ဆက်စပ်ပြီး စုံစမ်းတယ်ဆိုတဲ့ အနေအထားရှိတယ်။ ဒါကတော့ ညစဥ်ညဆက်ကတော့ ဒီဘက်မှာ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး သူတို့က တင်းကျပ်ထားတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကျုံပျော်မြို့နယ်၊ မဂူရိုးရွာမှာလည်း ဇန်နဝါရီလက ရာအိမ်မှူးဦးသန်းမင်းအောင်နဲ့ ဆယ်အိမ်မှူး ဦးငွေသိန်းတို့ အသတ်ခံရတဲ့အပေါ် ဒေသခံ ခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ရေကြည်၊ ငသိုင်းချောင်းနဲ့ အသုတ်မြို့တွေမှာ PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေသခံလေးဆယ်ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ငရုတ်ကောင်းမြို့မှာလည်း ၂၀၂၃ ခုနှစ်၊ နှစ်ဝက်အတွင်း စုစုပေါင်းကိုးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပြီး တချို့သာ ပြန်လည်လွတ်မြောက်လာတယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။