မတရားသင်းဆက်သွယ်မှု ပုဒ်မ မရှိသင့်တော့ဘူးလို့ မင်းကိုနိုင် ပြော


2015.08.09
minkonaing-article-17-620.jpg ရန်ကုန်မြို့ ပါရမီလမ်းရှိ ပါရမီဟိုတယ်မှာ သြဂုတ်လ ၉ ရက်နေ့က ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ ဆွေးနွေးပွဲမှ ကိုမင်းကိုနိုင်ကို တွေ့ရစဉ်
Photo: Aung Min Htike/ RFA

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲရာမှာ သုံးတဲ့ ပုဒ်မ ၁၇ (၁) မရှိသင့်တော့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

ရန်ကုန်မြို့ ပါရမီလမ်းရှိ ပါရမီဟိုတယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပြီ ဖြစ်တဲ့အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မဆိုတာ မရှိသင့်တော့ကြောင်း ပြောခဲ့တာပါ။

"အစိုးရကနေပြီးတော့ လက်နက်ကိုင်တော်လှန်တဲ့ခေါင်းဆောင်တွေကိုခေါ်ပြီးတော့ ထမင်းစားကြမယ်၊ စကားပြော ကြမယ် ဆိုတော့ ဂုဏ်တောင်ယူသေးတယ်၊ အဝတ် အစားတွေတောင်လဲဝတ်သေးတယ်၊ ကိုယ်လုပ်ရင်တော့ ဒီဥပဒေကလွတ်တယ်၊ တခြားလူဆိုရင်တော့ ပုဒ်မ ၁၇ ( ၁ )တို့ ဘာတို့နဲ့ တစ်သက်တစ်ကျွန်းကျတာတွေ အများကြီးဘဲ ဥပဒေဟာ လိုသလိုစွဲသုံးလို့ရတာတော့မဟုတ်ဘူး၊ ဒီအချိန်ဒီပုဒ်မတွေ ရှိကိုမရှိသင့်ဘူး"

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကေအိုင်အေ ထိန်းချုပ်နယ်မြေ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ပစ္စည်းတွေ သွားရောက် လှူ ဒါန်းခဲ့တာကြောင့် မန္တလေးမြို့က သင့်မြတ်လိုသူများအဖွဲ့ဝင် သုံးဦးကို မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးစစ်ဆေးခံရတာနဲ့  ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ ကိုမင်းကိုနိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၈၈ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု အရေးနဲ့ ဒီမိုကရေစီအရေး ဆက်စပ်နေတဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ပဒိုစောကွယ်ထူးဝင်း၊ ဆလိုင်းလျံမုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စတဲ့ ခေါင်းဆောင်တွေတက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီး (စမ်းချောင်း) တို့ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။