ကနီမှာ လက်နက်ကြီးကျည် ပေါက်ကွဲမှု ကလေးတွေအပါအဝင် သုံးဦး သေဆုံး
2021.07.07
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စကားမြားတောင်ရွာမှာ ဇူလိုင် ၆ ရက် မနေ့က တောထဲမှာတွေ့တဲ့ မပေါက်ကွဲဘဲ ကျန်နေတဲ့ RPG လက်နက်ကြီးကျည်ကို နွားကျောင်းသွားတဲ့ ကလေးငယ်က ရွာထဲကို သယ်လာပြီး နေအိမ်မှာ စူးစမ်းနေစဥ် ရုတ်တရက် ပေါက်ကွဲမှုဖြစ်တာကြောင့် အသက် ၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးနှစ်ဦးနဲ့အတူ အသက် ၃၅ နှစ်အရွယ် လူကြီးတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ကို ဝိုင်းဝန်းကြည့်ရှုနေစဥ် ပေါက်ကွဲမှုဖြစ်တာကြောင့် သေဆုံးသူ သုံးဦးအပြင် နောက်ထပ် လေးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အသက် ၃၅ နှစ်အရွယ် သေဆုံးသူ အမျိုးသားရဲ့အမည်က ဦးကျော်ထင် ဖြစ်ပြီး သေဆုံးသူအားလုံးဟာ ဆွေမျိုးတော်စပ်သူတွေလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ တိုက်ပွဲအတွေအကြုံမရှိသလို ကျည်နဲ့ပတ်သက်တဲ့ ဗဟုသုတနည်းပါးတာကြောင့် အခုလို အဖြစ်ဆိုးကြုံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“နွားကျောင်းရာကနေအပြန် တောထဲက ကောက်လာပြီးတော့ အိမ်ကျတော့ ဝိုင်းပြီးတော့ ထုကြတာ။ ပွဲချင်းပြီးက သုံးယောက် သေတယ်။ လူကြီးတစ်ယောက်၊ ၇တန်းအရွယ် တစ်ယောက်နဲ့ နို့စို့အရွယ်လေး တစ်ယောက်သေတယ်။ ဒဏ်ရာရ လေးယောက်၊ ကျွန်တော်တို့နားက အခုတလောမှာ တိုက်ပွဲတွေ ဖြစ် တော့ အတွေ့အကြုံက မရှိကြဘူး။ တောသား ရိုးရိုးတွေ၊ ဖုန်းလည်းမကိုင်ကြတော့ သတိပေးတာလည်း မသိဘူး"
ဒဏ်ရာရှိသူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုသပေးနေပြီး၊ အဲဒီအထဲက အသက် ၃၀ အရွယ်နဲ့ အသက် ၄၀ အရွယ် အမျိုးသား နှစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တောထဲက ကောက်လာပြီးတော့ အိမ်ကျ ဝိုင်းပြီးတော့ ထုကြတာ။ ပွဲချင်းပြီး သုံးယောက် သေတယ်။"
အရင်က အေးချမ်းခဲ့တဲ့ စစ်ကိုင်းတိုင်းလိုနေရာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးလအတွင်း အခုလို လက်နက်ကြီးကျည်ပေါက်ကွဲပြီး လူသေဆုံးထိခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုမပေါက်ကွဲသေးတဲ့ကျည်တွေက တိုက်ပွဲတစ်ခုမှာ တစ်လုံးလောက်တော့ အနည်းဆုံးကျန်ခဲ့တာမို့ ကနီ ဒေသမှာ ၁၀၀ နီးပါးလောက် ဒီလိုကျည်တွေ ရှိနေနိုင်သေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီ မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ကနီ၊ ယင်းမာပင်၊ မုံရွာဆိုတာ အရင်တုံးက အေးချမ်းတဲ့ဒေသတွေပေါ့၊ ဒီလိုအေးချမ်းတဲ့ဒေသမှာ အဲဒီ ပစ္စည်း(ကျည်)တွေကို အသုံးပြုတော့ လူတွေက အထူးအဆန်းဖြစ်တာပေါ့၊ ဒီပစ္စည်းတွေမှာ ၁၉၄၈ ကနေ၊ ၂၀၀၈ ဆိုပြီးတော့လည်း ရေးထားတာတွေ့ရတယ်။ ရက်တွေကလည်း လွန်နေတော့ ခေတ်တွေက မမှီ တော့ဘူး၊ မပေါက်တာတွေကလည်း ကနီမြို့နယ်ထဲမှာ အများကြီးရှိတယ်၊ တပ်က ဆုတ်သွားတဲ့ တချို့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေလည်း ထောင်သွားတယ်လို့ ကြားရတယ်။ ဒါတွေက တစ်ဦးတစ်ယောက်ထဲ လုပ်လို့မရဘူး၊ မိုင်းဆန့်ကျင်ရေးတွေက အသိပညာပေးတဲ့ အစီအစဉ်တွေ လုပ်ရမယ်။ ကျည်တွေ့ခဲ့ရင် တော့ မြေကြီးထဲမြှုပ်ထားတာ ကောင်းတာပေါ့"

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်၊ မင်းကင်း၊ ပုလဲ၊ ဒီပဲယင်း၊ ကောလင်း၊ ရွှေဘို စတဲ့မြို့နယ်တွေက ဒေသခံတွေဟာ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီကို ပြန်လည်ခုခံရာမှာ အား ကောင်းတဲ့ဒေသတွေဖြစ်ပါတယ်။
ဒီလို လက်နက်ကြီးကျည်ဆန်တွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေမှာမရှိဘဲ စစ်ကောင်စီတပ်တွေ မှာသာ သုံးစွဲလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ကနီမြို့နယ်ဒေသခံတစ်ဦးလည်း မနေ့က ပေါက်ကွဲခဲ့တဲ့ ကျည်ဆန်ဟာ စစ်ကောင်စီဘက်က အသုံးပြုခဲ့တဲ့ လက်နက်ကြီးကျည်ဖြစ်နိုင်တယ်လို့ RFA ကို မှတ်ချက် ပေးပြောဆိုပါတယ်။
“ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဒီလိုမျိုးလက်နက်နဲ့တူတဲ့ ကျည်တောင်မရှိဘူး။ တူမီးတောင် ဖြစ်ဖြစ် မြောက်မြောက်မရှိဘူး။ ဒါကို PDF က ဖန်တီးတယ်ပြောရင် လုပ်ကြံမှုသာဖြစ်တယ်။ ပြည်သူတွေကို လက်နက်နဲ့ ပတ်သက်ပြီး မထိဖို့၊ မကိုင်ဖို့ နိုင်ငံတကာကလည်း ကူညီအသိပညာပေးသင့်သလို NUG ကလည်း အသိပညာတွေ ပေးသင့်တယ်”
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေနဲ့ စစ်ကောင်စီဘက်က အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတွေရဲ့ တိုက်ပွဲတွေကြောင့် ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က RFA ကို ပြောပြထားပါတယ်။