ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး
2024.06.11

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာ ဇွန် ၁၁ ရက်နေ့က လက်နက်ကြီးကျည် ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၆၅ နှစ်အရွယ် ဒေါ်အေးလှိုင်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပွဲချင်းပြီးပဲ ဆုံးသွားတာမနေ့က။ လက်နက်ကြီးက လမ်းပေါ်မှာကျတာ။ သူက အိမ်ထဲမှာနေတာ။ အဲဒီမှာ လက်နက်ကြီးကျည်စ ထိသွားတာ။ ဝိုင်းမော်က လက်နက်ကြီး ခဏခဏ ကျနေတယ်။ မနေ့ကလည်း လက်နက်ကြီးကျည် သုံးလုံးကျတာ”
လက်နက်ကြီးကျည်စတွေက ရင်ဘတ်ကို ဖောက်ဝင်သွားပြီး နေရာမှာတင် သေဆုံးခဲ့တာပါ။
ဒီလက်နက်ကြီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၀ ရက်နေ့ ညကလည်း ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာထဲ လက်နက်ကြီးကျည် ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။