မြိုင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.07.06
မြိုင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ မြိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ် အိုရင်းကျေးရွာမှာ ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွင်းမရွာမှာရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပူးပေါင်းစခန်းကနေ အိုရင်းရွာဘက်ကို ၆၀ မမ လက်နက်ကြီးနဲ့ သုံးကြိမ်ခန့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် အသက် ၃၀ ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦး ထိခိုက်ခဲ့ပြီး ဇနီးဖြစ်သူ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူရဲ့ အမျိုးသားနဲ့ နောက်ထပ်ရွာခံအမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပျူစခန်းကနေ မနေ့ညက ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ။ အိုရင်းမှာ သုံးလုံးလောက် ကျတယ်။ တစ်လုံးက လင်မယားနှစ်ဦးရှိနေတဲ့ အိမ်ပေါ်မှာကျတာ မိန်းမဖြစ်သူကတော့ ဆုံးသွားပြီ။ သေသွားတဲ့သူရဲ့ အမျိုးသားရယ်၊ ပြီးတော့ နောက်ထပ်အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်”

ဒဏ်ရာရသူတွေဟာ လူလတ်ပိုင်းအရွယ်တွေဖြစ်ပြီး လုံခြုံတဲ့ရွာက ဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

တွင်းမရွာ ပျူစောထီးစခန်းကို မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၅ ရက်နေ့လယ်ပိုင်းမှာ ဒရုန်းဗုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းမှာ အခုလို ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တွင်းမရွာက ပျူစောထီးတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဥ်နီးပါး သွားရောက်တိုက်ခိုက်နေတာကြောင့် အဲဒီတပ်စခန်းကနေ ဘေးပတ်ပတ်လည် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။