အမ်းမြို့နယ်မှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
2024.10.22
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လောင်းစပ်ရွာကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၇၀ ကျော်အရွယ် ဦးအောင်သိန်း၊ အသက် ၆၀ အရွယ် ဦးညိုလွင်နဲ့ အသက် ၁၇ နှစ်အရွယ် ကိုဖြိုးမင်းသူတို့ဖြစ်ပါတယ်။ ဒဏ်ရာရသူ ခုနစ်ဦးထဲမှာတော့ အမျိုးသမီးလေးဦးနဲ့ အမျိုးသားသုံးဦး ပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဦးအောင်သိန်းနဲ့ ဦးညိုလွင်တို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အသက်အရွယ်ကလည်း ကြီးတော့ နေရာမှာတင် သေဆုံးသွားတာပေါ့။ ဗိုက်တွေကို လက်နက်ကြီးကျည်စတွေက ဖောက်ဝင်ခဲ့တော့လေ။ သွေးထွက်လွန်ကုန်တာ။ ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေပါပြီ”
လက်နက်ကြီး ပစ်ခတ်မှုကို အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကနေ လုပ်ဆောင်ခဲ့တာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးက တပ်ရင်းတွေအထိ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်း တိုက်ခိုက်တာတွေပြုလုပ်ပြီး ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။