ဖားကန့်မြို့နယ်မှာ ဒေသခံခြောက်ဦး လက်နက်ကြီးထိမှန် သေဆုံး

RFA Burmese
2023.03.19
ဖားကန့်မြို့နယ်မှာ ဒေသခံခြောက်ဦး လက်နက်ကြီးထိမှန် သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း သွားလာနေသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာထဲကို မတ်လ ၁၈ ရက် ညနေ ၆ နာရီဝန်းကျင် မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦး၊ ကလေး တစ်ဦး၊ စုစုပေါင်း ခြောက်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံးခင်းရွာအနီး စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မတ်လ ၁၈ ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ ပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ဝမ်းဗိုက်၊ ပေါင်နဲ့ ဦးခေါင်းတွေကို လက်နက်ကြီးကျည်စတွေ ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ လုံးခင်းရွာဒေသခံတစ်ဦးက ပြောပါတယ်။

"အမျိုးသမီး တစ်ဦး၊ အမျိုးသား လေးဦး၊ ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးသွားတယ်။ နေရာမှာတင် သေဆုံးသွားတယ်ဗျ။ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ်ကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိထားပါတယ်"

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းတွေက ဖားကန့်မြို့နယ် ဆေးရုံကြီးကို မတ်လ ၁၈ ရက် ညကတည်းက ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း လုံးခင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၄၀ ကျော်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတချို့ ရှိနေသလို၊ လုံးခင်းရွာအနီးက လမ်းတွေကိုလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဖားကန့်မြို့နယ်မှာ မတ်လဆန်းကစလို့ စစ်ကောင်စီတပ်က ဒေသခံတွေနဲ့ KIA အမှုထမ်း တွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ KIA ကြား စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လ ၁၈ ရက်အထိ သုံးလဝန်းကျင်အတွင်း KIO အမှုထမ်း၊ PDF နဲ့ အရပ်သား ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂၄၀ ဝန်းကျင် ပြန်လည်လွတ်မြောက်လာပေမယ့် ၆၀ နီးပါးက ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။