သံတွဲမှာ လက်နက်ကြီးကြောင့် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ
2024.07.10

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ မြို့ပေါ်ရပ်ကွက်တွေအတွင်း ကျရောက်ပေါက်ကွဲပြီး ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သံတွဲမြို့ခံ ဦးမြင့်နိုင်နဲ့ ဒေါ်ကြည်ထွေးတို့ ဒဏ်ရာရသွားတာပါ။ အမျိုးသမီးက ဒဏ်ရာပြင်းထန်တာကြောင့် ဂွမြို့နယ်ဆေးရုံကတစ်ဆင့် ရန်ကုန်ဆေးရုံကို လွှဲထားတယ်လို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“သူတို့ လင်မယားနှစ်ယောက် အိမ်ရှေ့မှာ စကားပြောနေရင်း လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာပါ။ အမျိုးသမီးကတော့ ဒဏ်ရာအတော်ပြင်းတယ်။ အခုတော့ ဂွဆေးရုံကတစ်ဆင့် ရန်ကုန်ဆေးရုံကို လွှဲပြောင်းပေးထားတယ်။ မနေ့က သံတွဲမြို့ပေါ်မှာ လက်နက်ကြီးတွေ အတော်များများကျတယ်”
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာလည်း လက်နက်ကြီးသံတွေ မကြာခဏကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်တာ အချိန်သုံးလခန့်ရှိနေပြီး သံတွဲမြို့အခြေစိုက် ခမရ -၅၆၆ တပ်ရင်းအပါအဝင် သံတွဲလေဆိပ်နဲ့ စစ်ကောင်စီ တပ်စခန်းတချို့ကို AA က သိမ်းပိုက်ထားသလို ခလရ - ၅၅ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဇူလိုင်လ ၇ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။