လွိုင်ကော်မှာ စစ်ကောင်စီတပ် ပစ်လို့ အရပ်သားတစ်ဦး ဒဏ်ရာရ
2021.08.05
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ သြဂုတ်လ ၄ ရက် မနေ့ည ၈ နာရီခွဲဝန်းကျင်မှာ ကနဦး ဗုံးပေါက်ကွဲမှု အချို့ကို ကြားလိုက်ရပြီးနောက် သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေ ဆက်တိုက်ထွက်ပေါ်လာတာ ဖြစ်သလို အဲဒီလက်နက်ကျည်တွေဟာ လူနေအိမ်တွေကိုပါ ကျရောက်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေက RFA ကို ပြောပါတယ်။
အဲဒီလက်နက်ကြီးကြောင့် နောင်ယာရပ်ကွက်က နေအိမ်တစ်ခုက အသက် ၁၆ နှစ်ခန့်အရွယ် အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လွိုင်ကော်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်က ရမ်းပစ်တာ။ ကောင်မလေးက အိမ်ထဲမှာနေတာ အဲဒါကိုလက်နက်ကြီးကျည်စက အိမ်ကိုဖောက်ပြီးတော့ ကောင်မလေး ခြေထောက်ကိုသွားထိတာ။ ဒဏ်ရာကတော့ အရမ်းကြီးဆိုးဆိုး ဝါးဝါးတော့ မဟုတ်ဘူး။ ဒူးအောက်ပိုင်းနားမှာ ပေါက်သွားတယ်။ နည်းနည်းတော့နက်တာပေါ့။ မနေ့ညကတည်းက သူတို့ရှိတဲ့ဆရာဝန်တွေနဲ့ ကုတယ်ထင်တယ်”
ဒဏ်ရာကို နေအိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသထားရတယ်လို့ ဆိုပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးဖြစ်တဲ့ ဒေသခံဦးပလန်ကတော့ လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီရဲ့ရုံးတစ်ခုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက် စစ်တပ် ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီး အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“KNDF က စစ်တပ်ရုံးကို လက်လုပ်ဗုံးတစ်လုံး သွားပစ်တယ်ထင်တယ်။ နောက်ပိုင်း စစ်တပ်က အမြောက်နဲ့ တောက်လျောက်လိုက်ထုတာ။ အဲဒါကြောင့်မို့ နောင်ယာရပ်ကွက်မှာလည်း လက်နက်ကြီး ကျည်တွေ အများကြီးကျတယ်”
မနေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့ပေမယ့်လည်း ဒီနေ့မှာတော့ မြို့ပေါ်မှာ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ KNDF တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရုံးတွေကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲမှုတွေလုပ်နေတာဖြစ်ပြီး မြို့ပေါ်မှာ ထိပ်တိုက်တွေ့နိုင်တဲ့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေကိုတော့ လတ်တလောမှာ ရှောင်ရှားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KNDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“မိုင်းခွဲတာတော့ တစ်ကြိမ်၊ နှစ်ကြိမ်ကြားတယ်။ သူတို့က ရမ်းသမ်းပစ်တာ ပိုများမယ်ထင်တယ်။ ထိပ်တိုက်တွေ့တာတော့ မရှိတော့ဘူးပေါ့။ အဲလိုမျိုး ဗုံးခွဲပျောက်သွားလိုက် အဲလိုမျိုးတွေပဲရှိမယ်။ ကျွန်တော်တို့ တောဘက်ကျတော့ တိုက်ပွဲတွေ ဆက်ဖြစ်ဖို့အလားအလာရှိပါတယ်။ စစ်တပ်ဘက်ကလည်း တက်လာမယ့် အလားအလာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ခံချတော့မှာပဲ။ မဆုတ်ခွာတော့ဘူး”
သြဂုတ်လ ၄ ရက် မနေ့ မွန်းလွဲပိုင်းတုန်းကလည်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ခူးပရာတောင်နဲ့ ဘီးသူကျေးရွာအကြားမှာ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် KNPP လက်အောက်ခံ ကရင်နီတပ်မတော် KA နဲ့ KNDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က သုံးဦးကျဆုံးပြီး ထိခိုက် ဒဏ်ရာသူတွေလည်းရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ ကရင်နီတပ်မတော် KA နဲ့ KNDF ဘက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"နောင်ယားရပ်ကွက်မှာလည်း လက်နက်ကြီးကျည်တွေ အများကြီးကျတယ်"
မနေ့ကပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။
ကယားပြည်နယ်အတွင်း စစ်တပ်နဲ့ KNDF အကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
လွိုင်ကော်ရဲ့ ပထမဆုံးတိုက်ပွဲကိုတော့ မေလ ၂၃ ရက်မှာ ပန်းကန်းဂိတ်နဲ့ ခြောက်မိုင်စံပြကျေးရွာအနီး ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ကယားပြည်နယ်အတွင်းက မေလ ၂၀ ရက်မှာ စတင်ခဲ့တဲ့တိုက်ပွဲတွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွေအထိ ပျံ့နှံ့သွားခဲ့ပြီး အရပ်သားအများအပြား အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၃၁ ရက် ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အရပ်သား ၁၂၁၄၀၀ ဟာ နေရပ်စွန့်ခွာနေရတယ်လို့ ဖော်ပြထားပါတယ်။
ဒုက္ခသည်အများစုကတော့ စစ်တပ်ရဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ မူလနေရပ်ကို ပြန်နိုင်မှာ မဟုတ်သေးဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။