ကလေးမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

RFA Burmese
2024.05.11
ကလေးမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်တော်ဦးရွာမှာ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၆၀ ကျော်အရွယ် Pa Ci Luai နဲ့ အသက် ၄၀ အရွယ် Pa Pa Mawng တို့ဖြစ်ပြီး အမည်မသိရသေးတဲ့ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

သေဆုံးခဲ့သူနှစ်ဦးဟာ ဦးခေါင်းနဲ့ ရင်ဘတ် ပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သေဆုံးခဲ့တဲ့နှစ်ဦးက နေရာမှာတင် ပွဲချင်းပြီးဆုံးတာ၊ ဆေးရုံတောင်မရောက်ဘူးလို့ သိရပါတယ်။ နောက်ထပ် တစ်ဦးကတော့ ဗိုက်တို့၊ ခေါင်းတို့၊ လက်ဖျံတို့ကို ထိတာ။ ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ ကြားတယ်"

ဆည်တော်ဦးရွာနဲ့ သုံးမိုင်အကွာ ကမ္ဘာနီတံတားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာတောင်ဘက်ကို တစ်လုံး ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၀ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သားငါးထောင် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။