ဆီဆိုင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံး၊ လူသုံးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.08.07
ဆီဆိုင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံး၊ လူသုံးထောင်ခန့် ထွက်ပြေးနေရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် PNLA မှ ထုတ်ပြန်ထားစဉ်။
Facebook/ PNLA News & Information Department

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အရှေ့ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က ဩဂုတ်လ ၆ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ရွာဆယ်ရွာခန့်က လူသုံးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့ရာမှာ မီးရယ်ရွာထဲကို ကျရောက်ပေါက်ကွဲပြီး အဲဒီရွာကို ထီရီးရွာက လာရောက်တိမ်းရှောင်နေတဲ့ အသက် ၂၀ အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ တစ်ကျော့ပြန်လုပ်လာတာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)ရဲ့ ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။

"ကျေးရွာတွေနဲ့ ဒေသခံတွေ နေထိုင်တဲ့နေရာတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်နေတာ တွေ့ရတယ်။ ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေ တစ်ကျော့ပြန် ဖြစ်လာတာတွေ့ရတယ်"

ဩဂုတ်လ ၆ ရက်နေ့က တစ်ရက်တည်းမှာပဲ ဆီဆိုင်မြို့အရှေ့ဘက် လွယ်ထွဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ဆယ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြား ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းကျော်အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။