ကျောက်တံခါးမြို့နယ်မှာ လက်နက်ကြီးကြောင့် သားအဖနှစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ
2023.12.14
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် အလှိုင်ကျေးရွာက နေအိမ်တစ်လုံးပေါ် ဒီဇင်ဘာ ၁၃ ရက် မနေ့ည ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၅ နှစ်အရွယ် ဦးဒေဝနဲ့ အသက် ၇၅ နှစ်အရွယ် ဦးဖိုးဆိတ် တို့ သားအဖနှစ်ဦး ဖြစ်ပြီး နောက်ထပ်သားဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဦးနှာပေနဲ့ တခြား ရွာက စစ်ဘေးရှောင်လာတဲ့ အသက် ၂၀ အရွယ် မောင်ဒန်တိုတို့ ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
နေအိမ်ကို လက်နက်ကြီးကျရောက်ချိန်မှာ တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ သုံးဦးထဲက ဒဏ်ရာပြင်းထန်တဲ့ နောက်တစ်ဦး ထပ်မံဆုံးပါးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အိမ်ပေါ်ကိုကျတာ။ လေးယောက်ထိတာ၊ တစ်ယောက်က ပွဲချင်းပြီးသေတယ်။ အဲဒီထဲက ပြင်းထန်ဒဏ်ရာတစ်ယောက် ထပ်ဆုံးတော့ နှစ်ယောက်သေပြီး နှစ်ယောက် ဒဏ်ရာရပါတယ်"
အဲဒီလက်နက်ကြီးကို အိမ်ခြေ နှစ်ရာခန့်ရှိ အလှိုင်ကျေးရွာနဲ့ နှစ်မိုင်လောက်အကွာမှာရှိတဲ့ ကျောက်ကြီးမြို့နယ် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ နဲ့ လှမ်းပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ် ကညင်ကျိုးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လေးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦး ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က နောက်တစ်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁,၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။