မတ္တရာမှာ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး သေဆုံး

RFA Burmese
2023.12.14
မတ္တရာမှာ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး သေဆုံး မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာအား တွေ့ရစဉ်။
Madaya We Love

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာမှာ ဒီဇင်ဘာ ၁၃ ရက် မနေ့ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် သဖန်းကိုင်းရွာက အသက် ရှစ်နှစ်အရွယ် မစုစုနွေး၊ အသက် ၁၇ နှစ်အရွယ် မနဒီလှိုင်းနဲ့ အသက် ၄၅ နှစ်အရွယ် မနွယ်တို့ သေဆုံးခဲ့တာပါ။ အသက် ခြောက်နှစ်အရွယ် မောင်ထက်ပြည့်စုံချစ်နဲ့ ၃၁ နှစ်အရွယ် ကိုအေးမင်းသူ တို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူ မောင်ထက်ပြည့်စုံချစ်နဲ့ သေဆုံးသူ မနွယ်တို့က သားအမိတွေဖြစ်တဲ့အပြင် လက်နက်ကြီးထိသူအားလုံးဟာ ဆွေမျိုးသားချင်းတွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ဒဏ်ရာရတဲ့ ခြောက်နှစ် သားကလေးက သေသွားတဲ့ မနွယ်ရဲ့သား။ အခု လက်နက်ကြီးထိသူအားလုံးကလည်း ဆွေးမျိုးသားချင်းတွေ တော်ကြတယ်။ ပစ်တာကတော့ စစ်တပ်က ရမ်းသမ်းပစ်တယ်ဆိုတာထက် ရွာထဲကိုဦးတည်ပြီး ပစ်တာပေါ့။ အခုနောက်ပိုင်း မတ္တရာမှာက လက်နက်ကြီးက ဟိုကပစ်၊ ဒီကပစ်နဲ့ နေ့တိုင်းလိုလို ပစ်နေတာ"

မတ္တရာမြို့နယ်နဲ့ကပ်ရပ် ပုသိမ်ကြီးမြို့နယ်က တပ်ဖွဲ့ဝင် ဆယ်ဦးဟာ ကားတစ်စီးနဲ့ ထွက်လာပြီး သဖန်းကိုင်းနဲ့ ခြောက်မိုင်အကွာ ကျောက်ကြမ်းတောင်ဆိုတဲ့ နေရာအရောက် ည ရှစ်နာရီခွဲခန့်မှာ သဖန်းကိုင်းရွာကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အခုလက်နက်ကြီးကျတဲ့ သဖန်းကိုင်းရွာဟာ မတ္တရာမြို့နဲ့ ဆယ်မိုင်ခန့်ဝေးပြီး အိမ်ခြေ ငါးရာခန့်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က မတ္တရာမြို့နယ် ကျောက်တံတားရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ကောင်စီတပ်က ကျောက်တံတားရွာဘက်ကနေ ငါးလုံးပြွန်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ မိုင် နှစ်ဆယ်နီးပါးသာ ဝေးကွာတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအကြား ပြီးခဲ့တဲ့ နိုဝင်ဘာလက စလို့ တိုက်ပွဲတွေ ပြင်းထန်လာကြောင်း PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးအရှိန် ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်က PDF တွေ ရှိနိုင်တယ်လို့ယူဆတဲ့ ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းအရ နိုဝင်ဘာလတစ်လတည်းမှာတင် မတ္တရာမြို့နယ်မှာ ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဒဏ်ရာရသူ သုံးယောက် ရှိခဲ့ပါတယ်။

RFA ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ နှစ်နှစ်နီးပါး အတွင်း အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁,၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။