မတ္တရာမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA Burmese
2024.01.16
မတ္တရာမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုန်းကုန်းရွာတွင် စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဥ်။
ဘိုတောက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုန်းကုန်းရွာထဲကို ဇန်နဝါရီလ ၁၅ ရက် ညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံးကာ နောက်ထပ် ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံငါ(တောင်)ရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အုန်းကုန်းရွာထဲကို လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ဟာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၆ နှစ်အရွယ် ဒေါ်ရင်မြ သေဆုံးခဲ့ပါတယ်။ ဒီအပြင် ကွမ်းခြံမှာ ကွမ်းခူးနေသူ သုံးဦးအပါအဝင် နောက်ထပ် ရွာသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရှိတယ်လို့ ယူဆပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ မတ္တရာမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က RFA ကိုပြောပါတယ်။

"အုန်းကုန်းရွာကို PDF တွေ ရှိမယ်အထင်နဲ့ ပစ်တာလို့ ယူဆပါတယ်။ အိမ်ပေါ်ကျလို့ ထိခိုက်မိတဲ့သူ သုံးယောက်ထဲက ဒေါ်ရင်မြက သေသွားတယ်။ မိသားစုဝင် တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တာက ကွမ်းခြံပေါ်ကျတော့ ကွမ်းခူးနေတဲ့ သုံးယောက် ထိခိုက်တာတွေရှိတယ်"

လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာကြောင့် ဒေသခံ သုံးရာကျော်ဟာ ညတွင်းချင်း ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မတ္တရာမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကလည်း လက်နက်ကြီးကြောင့် သဖန်းကိုင်းရွာက ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်နီးပါးဝေးတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေ အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။