မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ

RFA Burmese
2024.01.14
မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီး ဇန်နဝါရီလ ၁၄ ရက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နေအိမ်တွေမီးလောင် ပျက်စီးသလို လက်နက်ကြီးကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ ကျားရဲပြင်ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အသက် ၁၅ အရွယ် လူငယ်သုံးဦးနဲ့ လူကြီးတစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။

အရပ်သားအများစုကတော့ တိမ်းရှောင်ကုန်ကြပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်၊ အိမ်တွေမီးလောင်တာလည်းရှိတယ်။ တိုက်ပွဲပြင်းထန်နေတော့ သွားကြည့်လို့လည်းမရတာ။ ညကဆိုရင် အပြင်တောင် ထွက်လို့မရဘူး။ အခုလည်းဖြစ်နေတယ်။ တဒိုင်းဒိုင်းနဲ့ လေယာဉ်နဲ့လည်း အုန်းဒိုင်းပစ်နေတာ။ နေ့လယ် တစ်နာရီလောက် ခဏပဲနားတယ်။ အခုပြန်ဖြစ်နေတာ နာရီဝက်လောက်ရှိပြီ။ မြို့ပေါ်မှာတော့ အကုန်ပြေးကုန်ပြီ။ ဥက္ကာပျံရပ်ကွက်တို့က ပြည်သူတွေနဲ့ တချို့လောက်ပဲ ကျန်တယ်။ ပိုက်ဆံမရှိတော့ ပြေးဖို့အဆင်မပြေတော့ ဘုန်းကြီးကျောင်းတွေမှာ ကပ်နေတာ။ ငတ်တဲ့သူက ငတ်နေပြီ"

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒဏ်ရာရသူတွေဟာ အသက် ၁၅ နှစ် အရွယ် မောင်နေမျိုးဇော်၊ အသက် ၁၇ နှစ် အရွယ် မောင်ထွန်းဝင်း၊ အသက် ၆၅ နှစ်အရွယ် ဦးမောင်ညိုမောင်နဲ့ အမည်မသိ လူငယ်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က နှစ်လပြည့်ခဲ့ပါပြီ။

ဒီနှစ်လအတွင်း RFA က ပြုစုထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ အရပ်သား ခြောက်ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။