မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ

RFA Burmese
2023.11.15
မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆင်ကြီးပြင်ရွာမှာ လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် ပျက်စီးသွားသည့် နေအိမ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ရွာတွေထဲကို နိုဝင်ဘာ ၁၄ ရက် မနေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ကလေးလေးဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့သူတွေကတော့ ဆင်ကြီးပြင် မွတ်စလင်ရွာက အသက် (၅၀) ကျော်အရွယ် ဒေါ်ဆော်မူဒါ၊ အသက် နှစ်ဆယ်ကျော်အရွယ်တွေဖြစ်တဲ့ ကိုမာမောက်အာလောမ်နဲ့ ကိုဆွေယောတ်ဟူဆောန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ကျတဲ့ နေအိမ်နှစ်ဆောင်လုံးလည်း မီးလောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လက်နက်ကြီးကျလို့ သေတာပါ။ ကောင်လေး နှစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက် မိန်းမတစ်ယောက်ကတော့ ၁၂ နာရီလောက်မှာ သေသွားတာ။ သူတို့အိမ်နေတဲ့ အချိန်မှာကျတာပါ။ လက်နက်ကြီးကျတဲ့ အိမ်နှစ်လုံးလည်း မီးလောင်သွားပါတယ်၊ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒီအတိုင်း အကြောင်းမဲ့ ပစ်တာပါ။ အခုလိုပစ်နေတာ နှစ်ညရှိပါပြီ"

အဲဒီလက်နက်ကြီးကျည်ဟာ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ - ၃၈၀ တပ်ရင်းက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူ။

သေဆုံးသွားသူတွေကိုတော့ ရွာမှာပဲသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ မင်းပြားဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ မနေ့ညက မင်းပြားမြို့ပေါ် ကျွန်းညို၊ ဘူးပင်နဲ့ မော်ရွာရပ်ကွက်တွေမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေနဲ့ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာလို့ ဒေသခံတွေက ပြောဆိုမှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။