နောင်ချိုမြို့နယ် လယ်ကြီးတောရွာထဲ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိခိုက်

RFA Burmese
2024.01.14
နောင်ချိုမြို့နယ် လယ်ကြီးတောရွာထဲ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိခိုက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လယ်ကြီးတောရွာမှ နေအိမ်အချို့အား တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လယ်ကြီးတောရွာမှာ ဇန်နဝါရီလ ၁၃ ရက် ညနေတုန်းက စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လယ်ကြီးတောရွာဘက်ကို လက်နက်ကြီးနဲ့ အကြိမ်နှစ်ဆယ်နီးပါး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် သုံးဆယ်ဝန်းကျင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ RFA လယ်ကြီးတောရွာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အပစ်ရပ်တယ်ပြောပြီး လက်နက်ကြီးတွေနဲ့ပစ်တာ။ နေအိမ်ထဲမှာနေတဲ့ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရတယ်။ သိပ်တော့မစိုးရိမ်ရဘူး။ ရွာထဲမှာ TNLA ထိုင်တယ်ဆိုပြီးတော့ ပစ်တာ။ တကယ်က ဘာမှမရှိဘူး”

လက်နက်ကြီးကြောင့် နေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့ရသလို မနေ့ညတုန်းက လယ်ကြီးတောရွာဒေသခံတွေဟာ အနီးအနားက ဘိလပ်မြေစက်ရုံထဲဝင်ပြီး အိပ်ကြရတယ်လို့ သူကပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်မှာလည်း စစ်ကောင်စီရဲ့ နောင်ချိုခြေစိုက်တပ်က လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ လယ်ကြီးတောဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက်ကလည်း နောင်ချိုမြို့နယ် သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ အသက် သုံးဆယ်အရွယ် အမျိုးသား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျလို့ အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီကစလို့ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူထားပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်ရှိနေပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" နှစ်လအတွင်း ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ်က မြို့နယ် ၁၆ မြို့နယ်မှာ အရပ်သား (၁၂၃) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၂၃၉) ဦး ရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။