စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံအစည်းအဝေး တက်ခွင့်မရ

2022.02.03
စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံအစည်းအဝေး တက်ခွင့်မရ စစ်ကောင်စီခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
Photo - reuters

မကြာခင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖေဖော်ဝါရီ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်လို့ အကောင်အထည်ဖော်တာ နည်းနည်းပဲ တွေ့ရတဲ့အတွက်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Chum Sounry က AFP သတင်းဌာနကို ပြောပါတယ်။

အစည်းအဝေးမှာ ဦးဝဏ္ဏမောင်လွင်အစား နိုင်ငံရေးဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ် တစ်ယောက် စေလွှတ်ဖို့ စစ်ကောင်စီကို အကြောင်းကြားထားတယ်လို့လည်း Chum Sounry ကပြောပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေတာ၊ လူသားချင်းစာနာမှု အကူအညီပေးခွင့် တဖြေးဖြေး ဆုတ်ယုတ်လာတာတွေအပါအဝင် လက်ရှိဖြစ်ရပ်တွေအပေါ် အထူးစိုးရိမ် ပူပန်တယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးပြေလည်ဖို့ မနှစ်ကဧပြီလမှာ အာဆီယံခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့တာပါ။

အဲဒီအချက်တွေကို အကောင်အထည်မဖော်တဲ့အတွက် မနှစ်က အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်တဲ့နည်းနဲ့ ပထမဆုံးအကြိမ်အဖြစ် အာဆီယံက တုန့်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း အခုချိန်ထိ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် ဆက်လက်ကျင်းပတဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကို မဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ်ကိုပဲ တက်ခွင့်ပြုနေတာဖြစ်ပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေချက်ချင်းရပ်ဖို့နဲ့ အထူးကိုယ်စားလှယ် ဝင်ခွင့်ပေးဖို့ အာဆီယံအသင်းက တောင်းဆိုထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။