အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာ့အရေး အဓိက ဆွေးနွေးမည်

RFA Burmese
2023.05.07
အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာ့အရေး အဓိက ဆွေးနွေးမည် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာ့အရေး အာဆီယံအရေးပေါ် အစည်းအဝေး ကျင်းပခဲ့စဉ်။
AFP

ဒီတစ်ပတ်ထဲမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးဖို့ရှိနေကြောင်း ဒီကနေ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြလိုက်ပါတယ်။

အာဆီယံထိပ်သီးညီလာခံကို အခုလာမယ့် မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်းပေါ်မှာ ကျင်းပပါမယ်။

အရပ်သားပြည်သူတွေကို လေကြောင်းသုံး တိုက်ခိုက်နေတာတွေကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုချက်တွေပါဝင်တဲ့ ကြေညာချက်တစ်စောင် ဒီညီလာခံကနေ ထွက်ပေါ်လာဖို့ ရှိနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ့အရေး သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေ အရင်ရပ်ဖို့လိုကြောင်းလည်း ညီလာခံအပြီး ထုတ်ဖို့စီစဉ်ထားတဲ့ ကြေညာချက်မူကြမ်းထဲမှာ ဖော်ပြထားတယ်လို့ AFP သတင်းက ဆိုပါတယ်။

အာဆီယံက တောင်းဆိုထားတဲ့ အချက်တွေကို လိုက်နာဆောင်ရွက်တာ မရှိသလောက်နည်းတာကြောင့် ဒီညီလာခံကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း အာဆီယံက တရားဝင်ဖိတ်ကြားထားတာ မရှိပါဘူး။

မြန်မာ့အရေးဖြေရှင်းဖို့ စစ်ကောင်စီဘက်နဲ့ NUG အစိုးရဘက် အပါအဝင် သက်ဆိုင်သူတွေ အားလုံးနဲ့ တိတ်တဆိတ်ဆွေးနွေးနေတယ်လို့ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြောခဲ့ပါတယ်။

ဒီညီလာခံ မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က လွှတ်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။