အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း ပွင့်လင်းဖို့ တောင်းဆို
2012.04.07
အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်း ရေးဆွဲခဲ့တဲ့ ကာလတလျှောက်လုံး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ခွင့်မရခဲ့သလို ရေးဆွဲပြီးနောက်ပိုင်းလည်း ကော်မရှင်က လျှို့ဝှက်ချက်တစ်ခုလို ထားရှိနေတဲ့အပေါ် စိုးရိမ်ပူပန်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း မြန်မာ့မိတ်ဆွေများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲရေးဖြစ်စဉ်မှာ အများလက်ခံယုံကြည်နိုင်မှု၊ ပူးပေါင်းပါဝင်မှု၊ ပွင့်လင်းမြင်သာမှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ဖြစ်ရေးတွေအတွက် လူထုအခြေပြု အသိုင်းအဝိုင်းတွေနဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံ ဒေသတွင်းက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဒီကြေညာစာတမ်းကို ရုံးသုံးအပြင် တိုင်းရင်းသား ဘာသာစကားနဲ့ပါ ထုတ်ပြန်ကြေညာပေးဖို့၊ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးညှိနှိုင်းပြီးမှသာ လာမဲ့ ဇူလိုင်လ ကျင်းပမဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ ဒီကြေညာချက် မူကြမ်းကိုတင်ပြဖို့ စတဲ့ အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်နိုင်ရေးအတွက် AICHR အဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။