အာဆီယံက မြန်မာကို ကိုဗစ်ကာကွယ်ရေး ဒေါ်လာ တစ်သန်းကျော်ဖိုး ကူညီမည်

ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန်ဖိုးရှိတဲ့ ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကို ပေးဖို့အဆင်သင့်ဖြစ်နေပြီလို့ မလေးရှားက Bernama သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။
အာဆီယံရဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးမှု ပထမအသုတ်အဖြစ် ဒီဆေးနဲ့ ဆေးပစ္စည်းတွေကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ စင်္ကာပူအခြေစိုက် Temasek ဖေါင်ဒေးရှင်း တို့က စုပေါင်းလှူဒါန်းတာဖြစ်ပြီး ဒုတိယအသုတ်ကူညီမှုလည်း လာဖို့ရှိတယ်လို့ဆိုပါတယ်။ ဒုတိယအသုတ်မှာတော့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေဖြစ်လိမ့်မယ်လို့ အာဆီယံအသင်းရဲ့ ပြောဆို ချက်ကို ကိုးကားပြီး Bernama သတင်းမှာ ဖေါ်ပြထားပါတယ်။
အခုလိုကူညီမှုဟာ အခက်ကြုံနေရတဲ့ မြန်မာပြည်သူတွေအတွက် သက်သာမှုရစေမယ်လို့ ယုံကြည်တယ်လို့ လည်း အာဆီယံအသင်းက ဆိုပါတယ်။