ရွှေ့ပြောင်းအလုပ်သမား အကာအကွယ်ပေးရေး အာဆီယံ သဘောတူညီ
2014.05.23

အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင် နိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေကြောင်း အရ အကာအကွယ်ပေးဖို့ ဒေသတွင်းအစိုးရတွေက သဘောတူညီလိုက်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့်က မနေ့ညက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC မှာ ကျင်းပတဲ့ အာဆီယံ အလုပ်သမား ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ မှာ ဝန်ကြီး ဦးအေးမြင့်က မြန်မာနိုင်ငံသား အလုပ် သမားတွေ ရသင့်ရထိုက်တဲ့ အကာအကွယ်ပေးမှု အတွက် တခြားနိုင်ငံတွေက သဘောတူညီခဲ့တာကို အခုလို ရှင်းပြခဲ့ပါတယ်။
"အာဆီယံမှာရှိတဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု စံနှုန်းကို တစ်ပြေးညီဖြစ်အောင် ဒါတွေ အခုလုပ်ကြ မယ်ဆိုတဲ့ဟာ တစ်ချက်၊ ဒီနိုင်ငံကနေပြီးတော့ တခြားအာဆီယံနိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပေါ့နော် ရွေ့ပြောင်းအလုပ်သမားတွေအတွက် လိုအပ်တဲ့ဥပဒေကြောင်းအရ အကာ အကွယ်ပေးဖို့ရယ်၊ သူတို့ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေကို အပြည့်အဝရရှိရေးကို အာဆီယံနိုင်ငံတွေက အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ဒီသဘောတူညီချက်ရခဲ့တယ်"
ပြည်ပမှာ အလုပ်သွားလုပ်လိုတယ်ဆိုရင် တရားဝင်ခွင့်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၀၀ နီးပါးရှိပြီး အဲဒီလို တရားဝင်အေဂျင်စီတွေကနေ သွားကြဖို့ကိုလည်း ဝန်ကြီး ဦးအေးမြင့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်က အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သွားရောက်လေ့လာ ခဲ့ကြပါတယ်။ အဲဒီ ခရီးစဉ်တွေအတွင်း ထိုင်းနဲ့ မလေးရှား အစိုးရ တာဝန်ရှိသူတွေက မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးမယ်ဆိုတဲ့ သဘောတူညီမှုတွေ ရခဲ့ကြောင်းလည်း သိရပါတယ်။