မြန်မာ့အရေးဆွေးနွေးမှုတွေ တိုးတက်မှုရှိကြောင်း အင်ဒိုနီးရှားပြော

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.05
မြန်မာ့အရေးဆွေးနွေးမှုတွေ တိုးတက်မှုရှိကြောင်း အင်ဒိုနီးရှားပြော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ
File Photo : AP

မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနေပြီး၊ ဆွေးနွေးမှုတွေဟာလည်း တိုးတက်မှုရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် သုံးလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မနေ့က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆီယံကကိုင်စွဲထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီမှုမှာပါတဲ့ အချက်တွေအတိုင်း အဓိကကျတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး အရင်က မဆွေးနွေးဖူးသေးတဲ့သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေတယ်လို့လည်း ပြောဆိုသွားပေမယ့် ဘယ်သူတွေဆိုတာတော့ ထုတ်မပြောပါဘူး။

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ စစ်ကောင်စီဘက်နဲ့ပဲ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အင်ဒိုနီးရှားနဲ့ NUG အစိုးရကြား တရားဝင် တွေ့ဆုံဆွေးနွေးနေပြီလားဆိုတာသိနိုင်ဖို့ NUG အစိုးရတာဝန်ရှိသူတချို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ မတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးခဲ့ပြီး အဲဒီအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက်ငါးချက်အတိုင်း အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုကို ထောက်ခံခဲ့ကြတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။