အာဆီယံခေါင်းဆောင်တွေနဲ့ လူငယ်ညီလာခံ အတွက် ဗကသကိုယ်စားလှယ်ကို နိုင်ငံခြားရေး ဌာနက ငြင်းပယ်
2015.04.24
အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ အာဆီယံလူငယ်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲကို မြန်မာကျောင်းသားကိုယ်စား လှယ်အဖြစ်တက်ရောက်မယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုဘုန်းပြည့်ကြွယ် ခေါ် ကိုမော်စီ ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချလိုက်တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး၊ တစ်နိုင်ငံကိုကိုယ်စား လှယ်နှစ်ဦးကျ အာဆီယံလူငယ် ဖိုရမ်ကနေရွေးတဲ့အခါမှာ မြန်မာနိုင်ငံအတွက် ကျောင်းသားကိုယ်စားလှယ်အဖြစ် ကိုဘုန်းပြည့်ကြွယ်နဲ့၊ လူငယ် ကိုယ်စားလှယ်အဖြစ် Spirit in Education Movement - SEM အဖွဲ့က မဖွေးယုမွန် ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။
ကိုဘုန်းပြည့်ကြွယ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်လိုက်တဲ့အကြောင်းနဲ့ သူ့ကိုလဲ အစိုးရက ဖိအားပေးတာတွေရှိတဲ့ အကြောင်း မဖွေးယုမွန်က RFA ကိုပြောပါတယ်။
"အာဆီယံ လူငယ်ဖိုရမ်ကနေပြီးတော့ ပုံမှန်အားဖြင့်တော့ တစ်နိုင်ငံက နှစ်ယောက်ဆီ အာဆီယံ ထိပ်သီး ညီလာခံကို စေလွှတ်လေ့ရှိတယ်၊ ၁၀ နိုင်ငံဆိုရင် အယောက် ၂၀ ပေါ့၊ ကျမတို့က မြန်မာနိုင်ငံကလည်း အာဆီယံထိပ်သီး အစည်းအဝေးကို လွှတ်ဖို့အတွက် စီစဉ်တယ်၊ ကိုဘုန်းပြည့်ကြွယ် ခေါ် ကိုမော်စီကို ဗကသကျောင်းသားကို ပယ်ချလိုက်တယ်၊ ကျမကိုတော့ လက်ခံတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်က လူငယ်တစ်ယောက်ထည့်ချင်လို့ဆိုတဲ့ ကိစ္စဖြစ်တယ်၊ ကျမကိုလက်ခံပေမယ့်လည်း တစ်ဘက်ကဘာလုပ်လဲ ဆိုတော့ ကျမရဲ့မိသားစုကို ဖိအားသွားပေးတယ်ပေါ့၊ တစ်ကယ်လို့ ကျမကကျောင်းသားကိစ္စနဲ့ တစ်ခုခု လုပ်မယ်ဆိုရင် လေယာဉ်ကွင်းကိုပြန်ရောက်တာနဲ့ တစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားကို မိသားစုကို ဖိအားသွားပေးတယ်"
အခုလိုငြင်းပယ်ခံထားရတာကို မလေးရှားနိုင်ငံရဲ့ အာဆီယံညီလာခံဆိုင်ရာအဖွဲ့တွေကို အကြောင်းကြားထားပြီး၊ ခွင့်ပြုပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။
တကယ်လို့ မလေးရှားဘက်ကပါ လက်မခံဘူးဆိုရင် အာဆီယံလူငယ်ကိုယ်စားလှယ်တွေက အဲဒီတွေ့ဆုံပွဲကို သပိတ်မှောက်ဖို့စဉ်းစားနေကြတယ်လို့လဲ သိရပါတယ်။
ဒီနှစ်အတွက် အာဆီယံလူငယ်ဖိုရမ်ကို မလေးရှားနိုင်ငံမှာ ဧပြီလ ၂၁နဲ့ ၂၂ ရက်နေ့က ကျင်းပခဲ့ပြီး၊ အဲဒီ့ဆွေးနွေးပွဲ ကိုတက်ဖို့ မဖွေးယုမွန်နဲ့အတူ ဗကသများအဖွဲ့ချုပ်က ကိုဘုန်းပြည့်ကြွယ်၊ တကသ အဖွဲ့က ကိုဇေယျာလွင်နဲ့ အမျိုးသား လူငယ်ကွန်ကရက်စ်က လူငယ်နှစ်ဦး၊ စုစုပေါင်း ၅ ဦး မလေးရှား ကိုရောက်နေပါတယ်။
ဒါပေမယ့် မလေးရှားကဦးဆောင်ကျင်းပခဲ့တဲ့ အာဆီယံလူငယ်ဖိုရမ်ဟာ အကန့်အသတ်များပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ အတွက် ကျန် ၉ နိုင်ငံ ကိုယ်စားလှယ် တွေက အဲဒီ ဆွေးနွေးပွဲကို သပိတ်မှောက်ပြီး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူငယ် ညီလာခံကျင်းပလိုက်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲဒီအာဆီယံလူငယ်တွေက၊ ဒီမိုကရေစီပညာရေးကို သပိတ်မှောက် တောင်းဆိုလို့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံထားရတဲ့ကျောင်းသားနဲ့ ဝန်းရံပြည်သူ တွေကိုပြန်လွှတ်ပေးဖို့ ကွာလာလမ်ပူရ်မြို့မှာ မနေ့ကတောင်းဆိုဆန္ဒပြခဲ့ ကြပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံမှာ မနေ့ကကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ ခုနှစ်အတွက် Asean People Forum ခေါ် အာဆီယံလူထုဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်ရုံးဝန်ကြီးက အာဆီယံဒေသတွင်း လူ့အခွင့်အရေး ကိုလေးစား လိုက်နာဖို့လိုအပ်ကြောင်း အလေးပေးပြောဆိုသွားပါတယ်။
ဆီလန်ဂေါပြည်နယ်ဝန်ကြီးချုပ် မိုဟာမက် အာဇ့်မင် ကလည်း အာဆီယံနိုင်ငံတွေကြား ပြည်တွင်းရေး ဝင်မစွက်ရဘူး ဆိုတဲ့ပြဌာန်းချက်ကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စလို၊ လာအိုနိုင်ငံက မုန်းတိုင်းရင်းသားကိစ္စလို၊ ထိုင်းနိုင်ငံ-ပဌါနီခရိုင်က ဘန်စမိုရို လူမျိုး ကိစ္စလို၊ ဒေသတွင်းနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေမှာ အာဆီယံအနေနဲ့ မကူညီနိုင်တဲ့အခြေအနေရောက်နေတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
အာဆီယံလူထုဆွေးနွေးပွဲကို မလေးရှားနိုင်ငံမှာ ဧပြီလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိကျင်းပခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၇ ရက်နေ့မှာကျင်းပမယ့် အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ အာဆီယံလူငယ်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲ အတွက် အခက်အခဲဖြစ်နေတဲ့အခြေအနေ နဲ့ပတ်သက်လို့ မြန်မာလူငယ်ကိုယ်စားလှယ် မဖွေးယုမွန်ကို RFA ဝိုင်းတော် သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။