မြန်မာ့အရေးနည်းလမ်းသစ်ရှာဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

RFA Burmese
2023.03.01
မြန်မာ့အရေးနည်းလမ်းသစ်ရှာဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်း ၂ဝ၂၃ ခုနှစ် မတ်လ ၁ ရက်နေ့က မနီလာမြို့တော်တွင် တွေ့မြင်ရသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim)။
AFP

မြန်မာနိုင်ငံ အကျပ်အတည်းဟာ ဒေသတွင်းကိုပါ ထိခိုက်လာနေတာကြောင့် - ငြိမ်းချမ်းရေးရအောင် နည်းလမ်းသစ်ရှာဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim) က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကိုပါ ထိခိုက်လာနေတာကြောင့် - ပြည်တွင်းရေး သက်သက်လို့ သဘောထားလို့ မရတော့ဘူးလို့ သူက ပြောဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း -အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်အောင် နည်းလမ်းသစ်ရှာဖို့ အကြံပြုလိုတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ မနီလာမြို့တော်မှာ မတ်လ ၁ ရက် ဒီကနေ့ တွေ့ဆုံအပြီး ပြောဆိုလိုက်တာပါ။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတရဲ့ထပ်လောင်းတိုက်တွန်းချက်ကို လက်ခံတယ်လို့လည်း ပြောပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံက ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ထားပေမယ့် လက်တွေ့အကောင်အထည်မဖော်နိုင်တာကြောင့် အဖွဲ့ဝင်နိုင်ငံတွေ စိတ်ပျက်နေကြတာပါ။

အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် မြန်မာစစ်ကောင်စီကို အာဆီယံအဆင့်မြင့် အစည်းအဝေးတွေ မဖိတ်ဖို့လည်း အဖွဲ့ဝင်တွေက ဆုံးဖြတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။