အာဆီယံလွှတ်တော်တွေရဲ့ အရေးပါမှှု သမ္မတ ဦးသိန်းစိန် ပြောကြား


2014.05.11
asean-305 နေပြည်တော်မှာ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီအစည်းအဝေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မေလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo:Myo Thant Khaing,Win Naung Toe/RFA

၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အစီအစဉ်တစ်ခုအဖြစ် အာဆီယံလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို နေပြည်တော် မှာ မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံပါလီမန် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ဥပဒေပြုမှုကို ဆောင် ရွက်နေပြီး အာဆီယံအသိုက်အဝန်း ထူထောင်မှု အတွက် ပါဝင်ဆောင်ရွက်နေတာကို မိမိတို့အသိ အမှတ်ပြုကြောင်း၊ အာဆီယံသည် အစိုးရအဖွဲ့ချင်းဆိုင် ရာ အဖွဲ့အစည်းဖြစ်သော်လည်း တစ်ဖက်တွင် အာဆီယံအသိုက်အဝန်းကို ထူထောင်ပြီး ပြည်သူများကို ဗဟိုပြုသော အဖွဲ့အစည်းအဖြစ် အသွင် ကူးပြောင်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ဒါမှသာ အာဆီယံ အသိုက်အဝန်းဟာ ရှင်သန်နေပြီး အားလုံးပါဝင်နိုင်သည့် အဖွဲ့အစည်း ဖြစ်ပေါ်ရေးကို အထောက်အကူပြုမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ဝ နဲ့ ၁၁ ရက်ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တောင်တရုတ်ပင်လယ်တွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်ပြည်အကြား ပိုင်ဆိုင်မှှုအငြင်းပွားနေတဲ့ပြဿနာကို အလေးထား ဆွေးနွေး ခဲ့ကြရာမှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက တရုတ်ပြည်ကို ထိထိရောက်ရောက် ဆန့်ကျင်အရေးယူဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဗီယက်နမ်ဝန်ကြီးချုပ်က တရုတ်ပြည်ဟာ မိမိတို့ရဲ့ ဆွေးနွေးအဖြေရှာရေး ကမ်းလှမ်း ချက်ကို ဥပက္ခာပြုပြီး ကျူးကျော်ရန်စမှုတွေ ဆောင်ရွက်နေတဲ့အတွက် အန္တရာယ်ပိုမိုကြီးမားလာနေပြီလို့ ပြော ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မေလ ၁၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့ရာမှာ  အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ထိုင်းနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း၊ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုတွေကို ဒီမိုကရေစီ အခြေခံမူများနှင့် တရားဥပဒေတွေကို အပြည့်အဝ လေးစားလိုက်နာခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုလားကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ အခက်အခဲများကို ကျော်လွှားနိုင်ရန် အာဆီယံ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် အခြေခံမူများနှင့်အညီ သင့်လျော်သည့် ပံ့ပိုးမှု အားလုံးကို ကမ်းလှမ်းသွားရန် အသင့်ရှိကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မြန်မာပြည် ခရီးစဉ် အတွေ့အကြုံ နဲ့ ပတ်သက်ပြီး မှတ်ချက်ရေးသားခဲ့ပါတယ်။ ပျဉ်းမနားနေပြည်တော်မှာ သူတွေ့မြင်ရတဲ့ ဈေးဆိုင်တွေ အိမ်တွေ လူတွေကိုကြည့်ရတာဟာ ပြီးခဲ့တဲ့အနှစ် ၆ဝ ကျော် သက္ကရာဇ် ၁၉၅ဝ ပြည့်လွန်နှစ်တွေက စင်္ကာပူနဲ့ ပီနန်မြို့တွေက အခြေအနေနဲ့ ဆင်တူပါပဲ၊ အဲဒီခေတ်နဲ့ မတူတာဆိုလို့တစ်ခုပဲရှိပါတယ်။  မြန်မာပြည်သူတွေ က နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတွေသုံးပြီး သူ့ကိုဓါတ်ပုံရိုက်ကြတယ်လို့ စင်္ကာပူဝန်ကြီးချုပ်က ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။