အာဆီယံအထူးသံနဲ့ ပူးပေါင်းမှုမရှိရင် ထိပ်သီးအစည်းဝေး မြန်မာတက်ခွင့် မရနိုင်

2021.10.04
အာဆီယံအထူးသံနဲ့ ပူးပေါင်းမှုမရှိရင် ထိပ်သီးအစည်းဝေး မြန်မာတက်ခွင့် မရနိုင် အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်
Photo: AFP

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းမျိုးစုံကြုံနေရတဲ့ မြန်မာ့အရေးကို ဝင်ပြီးဖြေရှင်းပေးဖို့ ကြိုးပမ်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာဘက်က ငြင်းမယ်ဆိုရင် ဒီလထဲမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပါခွင့် မရအောင် ဖယ်ထားခံရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ သတိပေးလိုက်တဲ့အကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။

ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ၂ Erywan Yusof ကို အာဆီယံရဲ့ မြန်မာ့အရေး အထူးသံတမန်အဖြစ် မြန်မာ စစ်ကောင်စီ အပါအဝင် အာဆီယံနိုင်ငံတွေက သြဂုတ်လတုန်းက ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မစ္စတာ Yusof နဲ့ မြန်မာစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်တာတွေ မရှိတဲ့အပေါ် စိတ်ပျက်ရတယ်လို့ ဒီကနေ့ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကပြောခဲ့တာပါ။

တိုးတက်မှုတွေ မရှိဘူးဆိုရင် ဒီလကုန်ပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်ဖို့ခက်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွစ်တာလူမှု ကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။