အာဆီယံအစည်းအဝေး ကိုယ်စားလှယ် မလွှတ်ဟု စစ်ကောင်စီတုံ့ပြန်

2022.02.09
အာဆီယံအစည်းအဝေး ကိုယ်စားလှယ် မလွှတ်ဟု စစ်ကောင်စီတုံ့ပြန် ၂ဝ၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံအစည်းအဝေးကျင်းပရန် ပြင်ဆင်ထားစဉ်။
Photo: AFP

ဒီလထဲမှာ ကျင်းပမဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ လွှတ်မှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗုဒ္ဓဟူးနေ့က ပြောတဲ့အကြောင်း တရုတ်အစိုးရပိုင် CGTN သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီလအတွင်း အာဆီယံအစည်းအဝေးကို တက်ဖို့ မြန်မာဘက်က ဒုတိယအကြိမ် ပျက်ကွက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးဘက်က မဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ပေးဖို့ မြန်မာဘက်ကို အကြောင်းကြားထားတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Chum Sounry က သတင်းဌာနတွေကို ဖေဖော်ဝါရီလ ၃ ရက်နေ့တုန်းက ပြောထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို လက်ရှိအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားက ဦးစီးပြီး ဒီလ ၁၆ရက်နဲ့ ၁၇ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

မြန်မာ့အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရေးမှာ အာဆီယံနိုင်ငံတွေရဲ့ ဘုံသဘောတူညီချက် ၅ခုကို အမြန်ဆုံးနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ အာဆီယံကရော၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ စစ်ကောင်စီကို တိုက်တွန်းမှုတွေ မပြတ်လုပ်နေပေမယ့် စစ်ကောင်စီဘက်က တက်တက်ကြွကြွ မရှိတဲ့အပေါ် အားလုံးက စိတ်ပျက်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။