မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ အာဆီယံ အထူးသံတမန် ခန့်အပ်
မြန်မာ့နိုင်ငံရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံ အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေး ဒုဝန်ကြီး မစ္စတာ Erywan Yusof ကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးက ဒီနေ့ သဘောတူ ခန့်အပ်လိုက်ကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။
မစ္စတာ Erywan Yusof ရဲ့ လုပ်ငန်းတွေကို မကြာခင် စတင်မှာ ဖြစ်သလို မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရမယ်လို့ အာဆီယံအထူးသံတမန် ခန့်အပ်တာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကို သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အရေးပေါ်အစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ရရှိခဲ့တာပါ။
အဲ့ဒီငါးချက်ထဲမှာ… မြန်မာ့နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ရေးအတွက် အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ဆွေးနွေးအဖြေရှာကြဖို့၊ မြန်မာနိုင်ငံကို အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ စတာတွေ ပါဝင်ပါတယ်။
ဒီသဘောတူညီချက်တွေ ချမှတ်ခဲ့ပြီး သုံးလကျော်ကြာမှ မစ္စတာ Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ရွေးချယ်ခန့်အပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Erywan Yusof ဘယ်အချိန် မြန်မာပြည်ကို လာရောက်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ အာဏာသိမ်း ခြောက်လပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ မစ္စတာ Erywan Yusof ဟာ ပြီးခဲ့တဲ့ ဇွန်လက နေပြည်တော်ကို လာရောက်ခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတချို့အပြင် စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။