အာဆီယံတိုက်တွန်းချက်ကို ကြိုဆိုကြောင်း NUG ယာယီသမ္မတ ပြော

RFA Burmese
2025.01.21
အာဆီယံတိုက်တွန်းချက်ကို ကြိုဆိုကြောင်း NUG ယာယီသမ္မတ ပြော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။
NUG

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ တိုက်တွန်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက “အတုအယောင် ရွေးကောက်ပွဲနဲ့ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်ယူဖို့ ကြိုးစားနေတာကို အာဆီယံခေါင်းဆောင်တွေက ကောင်းစွာ နားလည်သိရှိပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ အာဆီယံအနေနဲ့ စစ်အုပ်စုကို တိုက်တွန်းတဲ့အချက်တွေထဲမှာ နိုင်ငံ့ရဲ့ ငြိမ်းချမ်းရေးဟာ အခရာဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အဖြေကောင်းမဟုတ်ဘူးလို့ ပြောဆိုတဲ့ တိုက်တွန်းချက်ကိုလည်း ကြိုဆိုပါကြောင်း” ပြောကြားခဲ့တာပါ။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်တာကြောင့် အာဆီယံအနေနဲ့ မြန်မာပဋိပက္ခ ပြေလည်စေမဲ့လမ်းစကို ရောက်ရှိစေဖို့ ပိုမိုထိရောက် လက်တွေ့ကျတဲ့ နည်းလမ်းတွေရှာဖွေနိုင်ဖို့ မျှော်လင့်ကြောင်းလည်း အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အိုသ်မန် ဟာရှင်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။